ရန်ကုန် နိုဝင်ဘာ ၈
အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် ၂၀၂၁ အာရှ အမျိုးသမီးကလပ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို နိုဝင်ဘာ ၇ ရက်က ဂျော်ဒန်နိုင်ငံ၌ ကျင်းပရာ မြန်မာတိုက်စစ်မှူး ဝင်းသိဂီထွန်းကစားနေသည့် အိန္ဒိယကလပ် ဂိုကူလမ်အသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။
ပထမနေ့တွင် အိမ်ရှင်ဂျော်ဒန်ကလပ် အမ်မန်အသင်းက အိန္ဒိယကလပ် ဂိုကူလမ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အီရန်ကလပ် ရှာဟာဒရီဆရီဂျန်အသင်းက ဥဇဘက်ကစ္စတန်ကလပ် ဘန်ယိုဒီကော်အသင်းကို နှစ်ဂိုး-တစ်ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့သည်။ ဝင်းသိဂီထွန်းသည် ယင်းပွဲတွင် ဂိုကူလမ်အသင်း၏ ပွဲထွက်လူစာရင်း၌ ပါဝင်ခဲ့ပြီး ပထမပိုင်းတွင် တစ်ဂိုးအသာဖြင့် ဦးဆောင်နေသော်လည်း ဒုတိယပိုင်းတွင် နှစ်ဂိုးပေးလိုက်ရသဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယကလပ် ဂိုကူလမ်အသင်းသည် အုပ်စုဒုတိယပွဲအဖြစ် နိုဝင်ဘာ ၁၀ ရက်တွင် အီရန်ကလပ် ရှာဟာဒရီဆရီဂျန်အသင်းနှင့် ကစားရမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-AFC