နေပြည်တော်  ၂၄   မေ

 

မြန်မာနိုင်ငံ သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ (TSA) တို့ ပူးပေါင်းကာ ၂၀ဝ၇ ခုနစ်မှစတင်၍ လိပ်ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ  မြန်မာ့တိုက်လိပ်များ မျိုးသုဉ်းရန် လက်တစ်ကမ်းအလိုမှ ပြန်လည်ကယ်တင် ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း မေ ၂၃ ရက်တွင် ကျရောက်သည့် ကမ္ဘာလိပ်များနေ့ အထိမ်းအမှတ်အဖြစ် သားငှက်ထိန်းသိမ်းရေး အဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)မှ သတင်းထုတ်ပြန်ထားသည်။

 

မြန်မာ့တိုက်လိပ် (Batagur trivittata) သည် ကမ္ဘာ့မျိုးသုဉ်းရန် အန္တရာယ်အရှိဆုံး မျိုးစိတ်များထဲမှ တစ်ခုဖြစ်ပြီး သဘာဝတွင် မျိုးပွားနိုင်သော အမကောင်ရေ ငါးကောင်အောက်သာ ရှင်သန်ကျန်ရှိသောမျိုးစိတ်ဖြစ်ကြောင်း၊ ယခင်က မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် မြန်မာ့တိုက်လိပ်ကို ပေါများစွာ တွေ့ရှိခဲ့ရသော်လည်း အလွန်အကျွံ လိပ်ဥများ ရှာဖွေစားသောက် ရောင်းချခြင်း၊ ငါးဖမ်းပိုက်များတွင် မတော်တဆဖမ်းမိကာ ရေနစ်သေဆုံးခြင်းနှင့် ရွှေတူးဖော်ခြင်းများကြောင့် ဥကျင်းပြုလုပ်ရန် အရေးပါသော သဲသောင်များ ပျက်စီးခြင်းစသည့် အကြောင်းအရာများကြောင့် မျိုးသုဉ်းရန်နီးကပ်သော အဆင့်သို့ရောက်ရှိခဲ့ရသည်။ ၁၉၉၀ နှောင်းပိုင်းနှစ်များမှ ၂၀ဝ၀ အစောပိုင်းနှစ်များအထိ နေရာ နှစ်နေရာတွင် ပြန်လည်မတွေ့ရှိခင်အထိ မြန်မာ့တိုက်လိပ်အား မျိုးသုဉ်းသွားပြီဟု ယူဆခဲ့ကြကြောင်း သိရသည်။

 

ယခုအခါ သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ (TSA) တို့ ပူးပေါင်း၍  နှစ်စဉ် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် မြန်မာနိုင်ငံ မြောက်ပိုင်း ချင်းတွင်းမြစ်တစ်လျှောက်ရှိ သဲသောင်ခုံများတွင် သဘာဝတွင်ကျန်ရှိသော လိပ်မအနည်းငယ်မှ အုချထားသော လိပ်ဥများအား စုစည်းပြီး မေလမှ ဇွန်လအထိ သားဖောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုမှ ရရှိလာသည့် မြန်မာ့တိုက်လိပ် သားပေါက်များအား ချင်းတွင်းမြစ် အတွင်းသို့ ပြန်လည်မစေလွှတ်မီ ခြံလှောင်စနစ်ဖြင့် ၅ နှစ်မှ ၆ နှစ်အရွယ်အထိ ရောက်အောင် ပြုစုထိန်းသိမ်းထားပြီး သဘာဝနေရင်း ဒေသများအတွင်း ပြန်လည်စေလွှတ်နိုင်ရန်အတွက် မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ်များနှင့် ဘေးမဲ့တော ဥယျာဉ်များတွင် ခြံလှောင်သားဖောက်ခြင်းများလည်း ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ် မတ် ၁၉ ရက်ကလည်း ရေချိုလိပ်ထိန်းသိမ်းရေးစခန်းတွင် ခြံလှောင် ထိန်းသိမ်း မွေးမြူခဲ့သည် ရှားပါးမြန်မာ့တိုက်လိပ် အထီး အကောင် ၂၀နှင့် အမ အကောင် ၂၀ စုစုပေါင်း အကောင် ၄၀ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ လင်းဖားကျေးရွာ ရေလယ်ကျွန်းဘုရားအနီး ချင်းတွင်းမြစ် အထက်ပိုင်းတွင် စတုတ္ထအကြိမ်မြောက် စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ယခုနှစ်အတွင်း ချင်းတွင်းမြစ်အထက်ပိုင်းတွင် သီးခြားကျက်စားနေသည့် လိပ်မတစ်ကောင်မှ ပထမဆုံးအနေဖြင့် လိပ်ဥ ၁၉ လုံးပါသော ဥကျင်းအုခဲ့ရာ အဆိုပါ လိပ်ဥ ၁၉ လုံမှ မေလအစောပိုင်းတွင် ၁၄ကောင် ပေါက်ခဲ့ကြောင်း သိရသည်။ ထို့အတူ မန္တလေးတိရစ္ဆာန်ဥယျာဉ်တွင် သားဖောက်ပြုစုထားပြီး ၂၀၁၉ ခုနှစ် ဧပြီလတွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ ပြောင်းရွှေ့ထားသော မြန်မာ့တိုက်လိပ် အုပ်စုမှ ပြောင်းရွှေ့ပြီး တစ်နှစ်မပြည့်ခင်ပင် လိပ်မများမှ ဥအုခြင်းစတင်ခဲ့ရာ  ယနေ့အထိ ၄ ကောင် သားပေါက်ပြီးဖြစ်ကာ  ခြံလှောင် သားဖောက်ပြုစုထားသည့် မြန်မာ့တိုက်လိပ် အုပ်စုများမှ ပထမဦးဆုံး အောင်မြင်စွာ ဥအုသားပေါက်လာခြင်းလည်းဖြစ်ကြောင်း သိရသည်။

 

ရေချိုလိပ်ထိန်းသိမ်းရေးစခန်းများတွင် ခြံလှောင်မွေးမြူခြင်းနှင့် နေရင်းဒေသအတွင်း ပြန်လည်လွှတ်ပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကာ မြန်မာ့ဒေသရင်းမျိုးစိတ်ဖြစ်သည့် မြန်မာ့တိုက်လိပ် (ခေါ်) လိပ်ခုံး မျိုးစိတ်အား မျိုးသုန်းပျောက်ကွယ်မသွားစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သီဟစည်သူ

 

mdn