နေပြည်တော် မတ် ၈
မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ တာဝန်ရှိသူများသည် ယနေ့တွင် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်းရုံး (ဗဟို) ၌ အထူးကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ကြသည်။ 
ဉီးစွာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဌ ဦးမြင့်ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဌ ဦးသိန်းဝင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့အဖွဲ့ဝင် ဦးစိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်အတွင်းမှ လာရောက်ပြသသည့် ဒေသခံပြည်သူများကို တိုင်းရင်းဆေးဖြင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ တိုင်းရင်းဆေးဝါးများ လက်ဆောင်ဝေငှကြသည်။ 
ယင်းနောက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးစိုးဝင်းက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာနှင့် အနာရောဂါကင်းရှင်းပြီး ကျန်းမာသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေး ဟောပြောသည်။ 
အဆိုပါ ကွင်းဆင်းဆေးကုသရေးအစီအစဉ်တွင် ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ (နေပြည်တော်) မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ဦးဆောင်သော ဆေးကုသရေးအဖွဲ့ဝင် (၁၅) ဦးတို့က တိုင်းရင်းဆေးဝါးများဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ်ရောင်အဆစ်နာရောဂါများ၊ ထုံနာ၊ ကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ အာရုံကြောအားနည်းရောဂါရှင်များ စုစုပေါင်း (၁၇၅) ဦးကို ကုသပေးကြပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင်ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်း၊ ဆေးစည်း၊ ဆေးကပ်ခြင်းနှင့် အာရုံကြောရောဂါများကို မိုးကြိုးသွားဖြင့် ကုသမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်