ရန်ကုန် ၂၄ မေ
မြန်မာတက္ကသိုလ်များ သုတေသနညီလာခံ(၂၀၁၉) Myanmar Universities’ Research Conference 2019 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းအရ တက္ကသိုလ်များကို ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များဖြစ်လာစေရန်နှင့် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် တက္ကသိုလ်များကို ယခုထက်ပို၍ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ဖော်ပြထား သည့် ဦးစားပေး လုပ်ငန်းနှင့်အညီ ပါမောက္ခချုပ်များ ကော်မတီတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီကို တာဝန် (၁၁)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း။
သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက Standard Operating Procedure (SOP)များကိုလည်း ရေးဆွဲထားပါကြောင်း၊ ယခုကဲ့သို့ သုတေသနညီလာခံကို နှစ်စဉ်ကျင်းပကြစေလိုပါကြောင်း၊ တက္ကသိုလ်များလည်း သုတေသနစာတမ်းရေးသားလိုသည့် ဆရာ ဆရာမများ၊ ပညာရှင်များ များပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် တစ်နှစ်လုံး မအားလပ်သည့်ကြားမှ သုတေသနဝါသနာပါပြီး နိုင်ငံအတွက် အကျိုးပြုသည့် အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်မည့် ဆရာ ဆရာမများ၊ ပညာရှင် များရှိကြသည်ကို အားရဖွယ်တွေ့ရှိရပါကြောင်း။
သို့ဖြစ်၍ သုတေသနညီလာခံကို ကျင်းပသည့်အခါတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပပြီး သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီမှ ကျင်းပရေးစီမံချက်များရေးဆွဲပြီး တက္ကသိုလ်အသီးသီးတွင်ရှိသည့် သုတေသီများ၏သုတေသနစာတမ်းများကို ဖတ်ကြားဆောင်ရွက်ရန်အတွက် သုတေသနရလဒ်များကို မျှဝေပြီး သုတေသီများအချင်းချင်း အတွေ့အကြုံများ ဖလှယ်ခြင်းဖြင့် အရည်အသွေးပိုမိုကောင်းမွန်သော အသုံးချ သုတေသနများကို တိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် သုတေသနဆောင်ရွက် တတ်သည့် အလေ့အကျင့်များဖြစ်လာစေပြီး တက္ကသိုလ်များ၏ Ranking များမြင့်မားရေးကို တစ်ဖက်တစ်လမ်း မှ အထောက်အကူပြုစေရေး ရည်မှန်းချက်များဖြင့် သုတေသနညီလာခံစီမံချက်ကို အကြိမ်ပေါင်းများစွာ အစည်း အဝေးများထိုင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သည်ဟု သိရှိရပါကြောင်း။
သုတေသနညီလာခံကျင်းပနိုင်ရန်အတွက် စာတမ်းများကို ဖိတ်ခေါ်ခဲ့ပြီး စာတမ်းဖတ်ရန် တက္ကသိုလ် အသီးသီးမှ ပညာရှင်များက စာတမ်းစုစုပေါင်း(၆၉၃)စောင်ကို လက်ခံရရှိခဲ့ပါကြောင်း၊ ဘာသာရပ်နယ်ပယ်(၉)ခု မှ review များပြုလုပ်ပြီး ဘာသာရပ်နယ်ပယ်တစ်ခုလျှင် စာတမ်း(၂၀)ခန့် စုစုပေါင်း Presentation ပြုလုပ်ရန် သုတေသနစာတမ်း(၁၈၂)စောင်ရွေးချယ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ဘာသာရပ်(၁)ခုလျှင် အကောင်းဆုံး သုတေသနစာတမ်းပထမဆု၊ အကောင်းဆုံးသုတေသနစာတမ်း ဒုတိယဆုများ ချီးမြှင့်မည်ဟုသိရှိရပြီး စာတမ်း များကို ဆုပေးရာတွင် ပထမဆုအတွက် လက်မှတ်နှင့် ကျပ်(၃)သိန်း ဆုချီးမြှင့်မည်ဖြစ်ပြီး ဒုတိယဆုအတွက် လက်မှတ်နှင့် ကျပ်(၂)သိန်း ဆုချီးမြှင့်မည်ဟု သိရှိရပါကြောင်း၊ ညီလာခံပြီးဆုံးပါက ဖတ်ကြားတင်သွင်းသည့် စာတမ်းများကို ထုတ်ဝေသွားမည်ဖြစ်ပြီး ညီလာခံကျင်းပခြင်းဖြင့် သုတေသနရလဒ်များကို မျှဝေပြီး အမြင်ခြင်း ဖလှယ်ခြင်း၊ တိုးတက်ကောင်းမွန်သည့် အသုံးချသုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ သုတေသနပညာရှင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေခြင်း၊ မျိုးဆက်သစ်သုတေသနပညာရှင်များ ပိုမို တတ်ကြွစေခြင်း စသည့်အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များကို ယခုထက်ပိုမိုပြီး သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းကောင်းမွန်လာစေရန် အဆင့်ဆင့်တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အမှာစကားပြောကြားသည်။
ယင်းနောက် University of Cambridge မှ Director Dr.Hanan Khalifa နှင့် အမေရိကန်သံရုံးမှ Public Affairs Officer Dr.John R.Groch တို့က ပညာရေးစနစ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းခဲ့ကြသည်။
ထို့နောက် စာတမ်းရှင်များက သတ်မှတ်ထားသည့် ဘာသာရပ်အလိုက် စာတမ်းများကို ဖတ်ကြားခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)