နေပြည်တော် ၁ သြဂုတ်

အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဗာရာဏသီမြို့အနီးရှိ  မြတ်စွာဘုရားရှင်အား ပဉ္စဝဂ္ဂီ ၅ ဦးတို့မှ ခရီးဦးကြိုသည့် နေရာတွင် အထိမ်းအမှတ်အဖြစ်တည်ထားသည့် ချောက်ခဏ္ဍီ စေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

 

mdn


ထို့နောက် မိဂဒါဝုန်ဥယျာဉ်အတွင်းရှိ ဓမ္မရာဇိကစေတီတော်၊ ဓမ္မေခစေတီတော်၊ မိဂဒါဝုန်ဥယျာဉ်အနီး သီရိလင်္ကာနိုင်ငံမှ တည်ထားကိုးကွယ်သည့် ဓာတ်တော်တိုက်တို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး၊ရွှေသင်္ကန်းများ ကပ်လှူပူဇော်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဓာတ်တော်တိုက်ဆရာတော်ထံ အလှူငွေများပေးအပ်လှူဒါန်းကာ ဓာတ်တော်တိုက် ပရိဝုဏ်အတွင်းရှိ မြတ်စွာဘုရားမှ ပဉ္စဝဂ္ဂီ ၅ ဦးအား ဓမ္မစကြာတရားဦး ဟောကြားနေသည့် ရုပ်ပွားတော်များကို ဖူးမြော်ကြည်ညိုကြသည်။

 

mdn


 
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗာရာဏသီမြို့အတွင်းရှိ ဆေးဝင်္ကပါ မြန်မာကျောင်းတိုက်သို့ သွားရောက်ရှိကြပြီး ဆရာတော် ဒေါက်တာဘဒ္ဒန္တမဏ္ဍလထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ဗာရာဏသီမြို့ရှိ စာသင်သားသံဃာတော်များနှင့်  သာသနာ့အနွယ်ဝင်သီလရှင်များအား နဝကမ္မအလှူငွေများကို လည်းကောင်း ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗာရာဏသီ မြို့ရှိ  39 Gorkha Training Centre(GTC)ကျောင်းသို့ရောက်ရှိပြီး မီတာ ၅၀ဝ စက်ပစ်ကွင်းအတွင်း သင်တန်းသားများ၏ လက်နက်ငယ်ပစ်ခတ်လေ့ကျင့်မှုအား DRONACHARYA Fire Control Centre မှ ကြည့်ရှုလေ့လာကြကာ သင်တန်းသားများ၏ ဂေါ်ရခါးဓားဖြင့် တိုက်ခိုက်ရေးစွမ်းရည် သရုပ်ပြပွဲအား ကြည့်ရှုအားပေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

သတင်းစဉ်