နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနက ကြီးမှူးကျင်းပသည့် "မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၏ အရွေ့နှင့်သမိုင်းအမြင်" သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် အမျိုးသား စာကြည့်တိုက် (နေပြည်တော်) ရှိ ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပ သည်။

ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဒုတိယဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်နှင့် ဧည့်သည်တော်များ၊  မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာတမ်းရှင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ နှင့်အမျိုးသားစာကြည့်တိုက် (ရန်ကုန်) မှဝန်ထမ်းများက Online ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာ့ယဉ်ကျေးမှုသည် သမိုင်းမတင်မီခေတ် ရှေးနှစ်ပေါင်းများစွာကတည်းက စတင်ဖြစ်ပေါ် ထွန်းကားလာသည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင် နယ်မြေများနှင့် တိုင်းရင်းသားအားလုံး အေးအတူပူအမျှ ခေတ်အဆက်ဆက်၊ ရာစုအဆက်ဆက် ရွေ့လျားဖြတ်သန်း နေထိုင်လာခဲ့ကြခြင်းဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုသည် နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါကြောင်း၊ ခေတ်ကာလနှင့် ပတ်ဝန်းကျင်အခြေအနေများ ရွေ့လျား ပြောင်းလဲလာသည်နှင့်အမျှ လူသားတို့၏ ပြောဆိုနေထိုင် လုပ်ကိုင်ကြံစည်တွေးခေါ်ယူဆမှု၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ဘာသာစကား၊ ဂီတ၊ အက၊ အနုပညာ၊ လက်မှုပညာ၊ ကိုးကွယ်ယုံကြည်မှုစသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများသည်လည်း အတိုး၊ အဆုတ် ရွေ့လျားမှုရှိလာပြီး ထိုအရွေ့၏ အဓိကအကျဆုံးမှာ လူများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ အရွေ့ဆိုသည်မှာ ပြောင်းလဲခြင်းပင်ဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှု ခေတ်ကာလ မည်မျှဖြတ်သန်းခဲ့သည်ဖြစ်စေ၊ ရွေ့လျားလာသည်ဖြစ်ပါစေ အနှစ်အရသာအနေနှင့် ပြောင်းလဲမှု မရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထိုသို့အနှစ်သာရ မပြောင်းလဲမှုသည် လူများကြောင့်ပင် ဖြစ်ပါကြောင်း၊ “ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါပျောက်မည်” ဆိုသည့် စကားရပ်ကို တိုင်းရင်းသားများက နားလည်လက်ခံ၍ အရွေ့မည်မျှရှိနေစေကာမူ အနှစ်သာရပိုင်း အနေဖြင့် ပျောက်ပျက်မသွားစေရန် မိမိတို့၏ သတိပညာဖြင့် စောင့်ကြည့်ထိန်းသိမ်း သွားကြရမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။ 

ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က သုတေသနစာတမ်းဖတ်ပွဲကျင်းပမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မှတ်တမ်း ဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်၍ နံနက်ပိုင်းစာတမ်းဖတ်ကြားခြင်းအစီအစဉ်တွင် မန္တလေးတက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာကျော်ဆွေညွန့်၊ တွဲဖက်ပါမောက္ခ ဒေါက်တာထက်ထက်ခိုင်၊ နည်းပြ မြတ်နိုးအိမ်တို့ ပူးပေါင်းပြီး ကွင်းဆင်းမေးမြန်းလေ့လာထားသည့် “မန္တလေးရှိ ရွှေဆိုင်းလုပ်ငန်းကို လေ့လာခြင်း” စာတမ်းကို ဖတ်ကြားဆွေးနွေးရာ  မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာမြင့်သိန်းက သဘာပတိအဖြစ်လည်းကောင်း၊ မွန်းလွဲပိုင်းစာတမ်း ဖတ်ကြားခြင်း အစီအစဉ်တွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မွန်သီရိစိုးက “မြန်မာလူမျိုးတို့၏ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာဓလေ့” စာတမ်းကို ဖတ်ကြားဆွေးနွေးရာ မြန်မာသမိုင်းအဖွဲ့၊ အချိန်ပိုင်းအဖွဲ့ဝင် ဦးကျော်စိုးက သဘာပတိအဖြစ်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်သီတာက “ရေစက်ချခြင်းဓလေ့” စာတမ်းအား ဖတ်ကြားဆွေးနွေးရာ မြန်မာ သမိုင်းအဖွဲ့၊ အချိန်ပိုင်းအဖွဲ့ဝင် ဦးတင်ခြုံက သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ကြကာ စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက အကြံပြုလိုသည်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက “မန္တလေးရှိ ရွှေဆိုင်းလုပ်ငန်းကို လေ့လာခြင်း” စာတမ်းသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်းနိုင်အောင် နှိုးဆော်လိုက်သည်ဟု ယူဆပါကြောင်း၊ ဒုတိယစာတမ်းရှင် ဖတ်ကြားသည့် “မြန်မာတို့၏ ထိမ်းမြားလက်ထပ်ပုံ” စာတမ်းသည် ခေတ်ကာလအရွေ့နှင့်အတူ ကွာခြားသွားသည်ကို တွေ့ရသည့်အတွက် မြန်မာနိုင်ငံတွင်ရှိသည့် တိုင်းရင်းသားများ၏ ထိမ်းမြားမင်္ဂလာ ဓလေ့ထုံးစံများကို ဆက်လက်သုတေသနပြုရန် တိုက်တွန်းလိုပါကြောင်းနှင့် နောက်ဆုံးစာတမ်းရှင်၏ “ရေစက်ချခြင်း ဓလေ့” ပြောင်းလဲလာပုံများကို ဘာသာရေးအကြောင်း အနည်းငယ်နှင့်သမိုင်းကိုနွှယ်ပြီး ပုံများဖြင့် တင်ပြထားသည့် စာတမ်းများကို နားထောင်ရခြင်းအားဖြင့် မြန်မာ့ယဉ်ကျေးမှု၏ အရေးကြီးသည့် ကိစ္စများကို သိရှိရသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားပြီး သဘာပတိနှင့် စာတမ်းရှင်များ အားအမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်