ရန်ကုန် ၈ စက်တင်ဘာ
မြန်မာယူနီကုဒ် စံစနစ်ကူးပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park ရှိ Conference Hall ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာယူနီကုဒ်စံစနစ်ကို အောက်တိုဘာ ၁ ရက်မှ စတင်၍ တစ်နိုင်ငံလုံးတွင် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ပါကြောင်း၊ e-Government စနစ်တိုးတက်လာစေရန်နှင့် အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူများအား ဝန်ဆောင်မှုပေးရာတွင် တူညီသည့် စနစ်တစ်ခုကို အသုံးပြုခြင်းဖြင့် အပြန်အလှန် သိရှိနားလည်ပြီး လုပ်ငန်းများလွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာယူနီကုဒ်စံစနစ်သည် နိုင်ငံတကာနှင့် ကိုက်ညီသည့် စံစနစ်တစ်ခုဖြစ်သောကြောင့် နိုင်ငံတကာနှင့် ပေါင်းကူး ဆက်ဆံရာတွင် သတင်း အချက်အလက်နှင့် နည်းပညာများ သွက်လက်မြန် ဆန်လာမည်ဖြစ်သည့် အတွက် ပြည်သူများနှင့် ထိတွေမှုများသော ရုပ်ရှင်၊ ဂီတ၊ သဘင် အဖွဲ့အစည်းများ မှ အနုပညာ ရှင်များအနေဖြင့်လည်း မြန်မာယူနီကုဒ်စံစနစ်ကို အသုံးပြုကြရန်နှင့် ပြည်သူများ ပိုမိုသိရှိပြီး အသုံးပြုလာစေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်က မြန်မာယူနီကုဒ်စံစနစ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းက အများပြည်သူ အသိပညာပေးလုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း ၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဦးစီးအမှုဆောင် အဖွဲ့ဝင် ဇာတ်ပို့၊ ဇာတ်ရံ ဥက္ကဋ္ဌ ဦးဝင်းမြိုင်၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေးနှင့် မြန်မာနိုင်ငံ သဘင် အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးမိုးဝင်းတို့က မြန်မာယူနီကုဒ် စံစနစ် ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် ကူညီပံ့ပိုးပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က မြန်မာယူနီကုဒ်စံစနစ်ကို ပြောင်းလဲသုံးစွဲရာတွင် သတင်းမီဒီယာများအနေဖြင့် အလွန် ထိရောက်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် သတင်းမီဒီယာများ အားလုံးနှင့် တွေ့ဆုံရှင်းလင်းပွဲတစ်ခုကျင်းပရန် စီစဉ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ယခုလို အရေးကြီးသည့် လှုပ်ရှားမှုတစ်ခုတွင် တက်ကြွစွာ ပူးပေါင်း ပါဝင် သည့်အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် လောကသားများကို ကျေးဇူးတင်ရှိပါကြောင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးများက ဆောင်ရွက်လိုသည်များကို မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးများမှ တာဝန်ရှိသူများနှင့် အနုပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံကွန်ပျူတာ အသင်းချုပ် (MCF) တို့က ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးများနှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာယူနီကုဒ်စံစနစ်ကို ပြည်သူများပိုမိုသိရှိ နားလည်လာနိုင်စေရန်နှင့် တွင်ကျယ်စွာ အသုံးပြုလာနိုင်စေရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-လှမိုး


