mdn

နေပြည်တော် ၃ မေ

 

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ စတင်ဝင်ရောက်လာနေသည်။ ပြန်လာမည့်လူအရေအတွက်မှာ သောင်းဂဏန်းမှသည် သိန်းချီလိမ့်မည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာတစ်ခွင် နိုင်ငံအသီးသီးတွင်ကူးစက်ပျံ့နှံ့နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံမှ စက်ရုံ အလုပ်ရုံများ လည်း ရပ်နားကြရသည်တွင် ရွှေ့ပြောင်းလုပ်သမား မြန်မာများလည်း မဖြစ်မနေ ပြန်ကြရခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုက လက်ရှိအနေအထားမှာ ခြေနိုင်လက်အောင်ရှိနေသည်။ အခြေအနေ ဆိုးမဟုတ်။ ဓာတ်ခွဲအတည်ပြုလူနာ ၁၅၁ ဦး၊ ဆေးရုံမှ ဆင်းခွင့် ရသူ ၂၇ ဦး၊ ဓာတ်ခွဲ နမူနာတွင် ရောဂါပိုးကင်းစင်လာသူ ၃၇ ဦး နှင့် ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ခြောက်ဦး ဆိုသည့် ကိန်းဂဏန်းများက အခြေအနေအကောင်းဘက်တွင် ရှိနေသည်ကို ပြနေသည်။ ထိုင်းနိုင်ငံ တရုတ်နိုင်ငံ စသည့်အိမ်နီးချင်း နိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများ အလုံး အရင်းနှင့် ပြန်လည်ဝင်ရောက် လာသည့်အခါ ၎င်းတို့နှင့်အတူ ကိုဗစ် -၁၉ ကူးစက်ခံထားရသူများလည်း အတိုင်းအတာတစ်ရပ် အထိ ပါဝင်လာနိုင်သည့်အတွက် စနစ်တကျလက်ခံစောင့်ကြပ်ကြည့်ရှုကာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြန်လည် ဝင်ရောက်လာသူများ၏ ကျန်းမာရေး ကို စစ်ဆေးခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း၊ ၎င်းတို့နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များသို့ ပို့ဆောင်ခြင်းတို့ကို စနစ်တကျဆောင်ရွက်သွားရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း လည်း သိရသည်။

 

ဂရုပြုရမည့်အချက်မှာ ပြည်သူများအတွင်း ကိုဗစ် - ၁၉ ရောဂါနှင့် စပ်လျဉ်း၍ သိနားလည်မှုအားနည်းနေခြင်း၊ မှန်မှန် ကန်ကန်မသိခြင်း၊ အချို့ပေါ့ဆစွာ ထင်မြင်ယူဆမှုများရှိနေခြင်း တို့ပင်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်က ၂၀၂၀ ပြည့်နှစ် မတ်လ ၃ ရက်မှ ၂၀ ရက်အထိ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၆၀ဝ ခန့်ကို သုတေသနပြု မေးမြန်းခဲ့ရာတွင် ၂၇ ရာခိုင်နှုန်းကသာ ကိုဗစ်-၁၉ ကို ဖြစ်စေသော အဓိကအကြောင်းရင်း(Causal agent) ကို မှန်ကန်စွာ ဖြေဆိုနိုင်ကြောင်း၊ လက်ကို မကြာခဏ ဆေးခြင်းသည် ရောဂါကူးစက်ခြင်းကို ကာကွယ်နိုင်သည်ဟု ဖြေဆိုသူ၏ ၅၅ ရာခိုင်နှုန်းကသာ သိရှိကြောင်း၊ လူထူထပ်သော နေရာများကို ရှောင်ကြဉ်ရမည်ဟု ၄၅ ရာခိုင်နှုန်းကသာ ဖြေဆိုကြောင်း၊ ရောဂါပိုးရှိသူများနှင့် နီးကပ်စွာနေထိုင်ခြင်းကိုရှောင်ကြဉ်ခြင်းသည်ရောဂါကူးစက်ခြင်းကို ကာကွယ်နိုင်သည်ဟု ၁၃ ရာခိုင်နှုန်းကသာ သိနားလည်ကြောင်း တွေ့ရှိခဲ့ရသည်ဟု စစ်တမ်းတွင် ဖော်ပြခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါသည် လက်ရှိအချိန်ထိ ကာကွယ်ဆေး၊ ကုသဆေး မဖော်ထုတ်နိုင်သေးသည့်ရောဂါဖြစ်သည်။ မဖြစ်မီက ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည့်အလျောက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အကြံပြုချက်များအတိုင်း လိုက်နာနေထိုင် ကြရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် လူအများနှင့် ထိတွေ့မှုကို တတ်နိုင်သမျှလျှော့ချဖို့က အဓိကဖြစ်ကြောင်း အသိပေးထားသည့်အတိုင်း မိမိတို့၏နေ့စဉ်ဘဝ အိမ်မှာ၊ဈေးမှာ၊ အလုပ်ခွင်မှာ စသည့် နေရာ များမှာ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရမည်ဖြစ်သည်။ လက်ကို မကြာခဏ နည်းစနစ်မှန်ကန်စွာ ဆေးကြောခြင်း၊ ပြင်ပသို့သွားတိုင်း ပါးစပ်နှာခေါင်းစည်း mask တပ်ဆင်သွားခြင်း စသည့် အရိုးရှင်းဆုံး နည်းလမ်းလေးများကို သေချာစွာလိုက်နာကြခြင်းအားဖြင့် ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ပြီး ပုံမှန်နေ့စဉ် ဘဝများကို လျင်လျင်မြန်မြန် ပြန်လည်ရရှိလာနိုင်မည် ဖြစ်ပါကြောင်း ။ ။

 

မြန်မာ့အလင်း