၂၀ဝ၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော (၆၂)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကုလသမဂ္ဂအဖွဲ့ကြီးက ဒီမိုကရေစီကြေညာစာတမ်းထုတ်ပြန်ခဲ့သည့် ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ်နှစ်စဉ်ကျင်းပနေခြင်းဖြစ်သည်။

ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးလျက်ရှိသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံများအား ဂုဏ်ပြုရန်၊ အုပ်ချုပ်ရေး အစိုးရအဖွဲ့များအနေဖြင့်ဒီမိုကရေစီကျင့်စဉ်များကို အားပေးမြှင့်တင်နိုင်ရန်၊ ပြည်သူများအကြားဒီမိုကရေစီစိတ်ဓာတ် အစဉ်ရှင်သန်နိုးကြားကြစေရန်၊ ဒီမိုကရေစီကျင့်စဉ်ပြုပြင်ပြောင်းလဲမှုများ နောင်အနာဂတ်ကာလတွင်ပါ အစဉ်အမြဲလုပ်ဆောင်နိုင်ကြစေရန်၊ ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းကို မြှင့်တင်ရန်၊ နိုင်ငံရေးနယ်ပယ်မှ လူငယ်များပူးပေါင်းဆောင်ရွက်မှုဖြင့် မြှင့်တင်နိုင်ရန်၊ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုက ပူးပေါင်းပါဝင်လာရန်နှင့် နိုင်ငံတကာတွင် ဒီမိုကရေစီစနစ်ကို ပိုမိုကျင့်သုံးလာစေရန် ရည်ရွယ်၍ နိုင်ငံတကာပါလီမန်များအဖွဲ့က ကျင်းပခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာပါလီမန်များအဖွဲ့သည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် ပိုမိုခိုင်မာလာအောင် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကို လွတ်လပ်ရေးရပြီးသည်နှင့် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိနိုင်ငံတကာပါလီမန်များအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ပူပူနွေးနွေး မြန်မာ့ဒီမိုကရေစီသည် ၁၉၆၂ ခုနှစ်မှစ၍ အုပ်ချုပ်ရေးစနစ် ပြောင်းလဲမှုကြောင့် စလယ်ဝင်ဖင်မမည်းခင်က ကွဲချက်နှင့်ကြုံခဲ့ရသည်။ မြန်မာနိုင်ငံတွင် ရာ စုနှစ်တစ်ဝက်နီးပါး ဒီမိုကရေစီဆိတ်သုဉ်းခဲ့ပြီး အာဏာရှင်စနစ်အမြစ်တွယ်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်း ပြန်လည်၍ ရောက်ရှိပြီးနောက် ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် နိုင်ငံတကာပါလီမန်များအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံ ပြန်လည်ဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးနီးပါးသည် ဒီမိုကရေစီစနစ်ကိုလက်ခံယုံကြည်ကြသလို ကျင့်သုံးလျက်ရှိကြသည်။ နိုင်ငံတကာပါလီမန်များအဖွဲ့ဝင် နိုင်ငံပေါင်း ၁၇၉ နိုင်ငံရှိပြီး မိတ်ဖက်အဖွဲ့ဝင် ၁၂ နိုင်ငံ ရှိသဖြင့်ဒီမိုကရေစီစနစ်ကို နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက ယုံကြည်လက်ခံသည်ကိုတွေ့ရသည်။

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဟူသော လောကပါလ တရားများသည် ဒီမိုကရေစီစနစ်တွင် ပါဝင်သဖြင့် ကမ္ဘာ့နိုင်ငံများက လက်ခံခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် အရေးကြီးဆုံးအချက်မှာ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်သည် ပြည်သူလူထုဖြစ်သည်ကိုအသိအမှတ်ပြုထားပြီး အစိုးရက ပြည်သူ့ဆန ́ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်ဟု အလေးအနက်ခံယူထားသည်။ ဒီမိုကရေစီစနစ်သည်မိမိတို့ကိုယ်တိုင် လိုက်နာကျင့်သုံးရမည့်စနစ်ဖြစ်ပြီး လူ့အခွင့်အရေးကိုလေးစားခြင်း၊ တရားဥပဒေစိုးမိုးခြင်း၊ ကျားမတန်းတူညီမျှခြင်း စသည့်အခြေခံမူများကို လေးစားလိုက်နာ၍ ကျင့်ကြံနေထိုင်မှသာ အနာဂတ်ဒီမိုကရေစီစနစ်ကို ပိုမိုရှင်သန်ဖွံ့ဖြိုးစေနိုင်ပြီး ပူးပေါင်းကာကွယ်စောင့်ရှောက်ရာလည်း ရောက်မည်ဖြစ်သည်။

သို့ဖြစ်ရာ လောကပါလတရားနှင့်အညီ လိုက်နာကျင့်သုံးရမည်ဖြစ်သော ဒီမိုကရေစီစနစ်ကို နိုင်ငံအများတွင် ကျင့်သုံးနေပြီဖြစ်ရာ မြန်မာ နိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဖြတ်သန်းမှုကာလတိုတောင်းသေးသည်မှန်သော်လည်း ဒီမိုကရေစီစံနှုန်းများ၊ ဒီမိုကရေစီကျင့်စဉ်များ၊ အလေ့အထများ ပိုမိုရှင်သန်ထွန်းကားစေရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ကြေးမုံ