နေပြည်တော် ၁၂ မေ
စားသုံးသူအခွင့်အရေးအကြောင်းပြောလျှင် အတုအပပြဿနာက ထိပ်တန်းကပါမည် ဖြစ်၏။ စားသုံးသူကို ပြောပြကြေညာထားသည်က တခြား၊ ပစ္စည်း၏ အရည်အသွေးမှန်ကန်မှုက တခြားဖြစ်နေခြင်းသည် လိမ်လည်လှည့်ဖြားခြင်းသာ ဖြစ်၏။ အကောင်းဆုံးဟု ကြေညာနေသည် များက တကယ်အကောင်းဆုံး ဟုတ်သည်လားဟူသည်ကို စားသုံးသူတို့က သံသယများစွာဖြင့် စဉ်းစားနေကြရသည့်ခေတ်ဟုပင် ဆိုရတော့မည် ထင်သည်။
ပစ္စည်းမျိုးစုံအတု လုပ်ကြသည်။ နာမည်ကျော်တံဆိပ်များကိုယူကာ အတုလုပ်ကြသည်။ ဓာတုပစ္စည်းမပါဟု ပြောသော်လည်း ဓာတုပစ္စည်းများ ဖြင့် ပြုလုပ်ထားတာဖြစ်နေသည်။ မူလရောင်းချသောပစ္စည်းမှာ ထိုပစ္စည်း မဟုတ်တော့ အရောအနှောများစွာနှင့် ပုံပျက်၊ အရသာပျက်၊ အာနိသင် ပျက်၊ အရည်အသွေးပျက်နေချေပြီ။
သည်လိုထဲတွင် အဆိုးဆုံးက ဆေးဝါးနှင့် အစားအသောက်များကို အတုပြုလုပ်ခြင်း၊ အရောအနှောများ ပြုလုပ်ခြင်းဟု ဆိုချင်သည်။ စားသုံးသူတို့က ပစ္စည်းရောင်းချသူတို့၏ ဈေးနှုန်းသတ်မှတ်ချက်အတိုင်း ပေးသော်လည်း ထိုပစ္စည်းအစစ်အမှန်ကိုမရ။ ထို့ထက်ပိုသည်ကား စားသုံးသူတို့အတွက် အကြီးအကျယ် အန္တရာယ်ဖြစ်စေခြင်းပင်။
ယင်းကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့မရနိုင်ကြောင်း တာဝန် ရှိသူများကို နှိုးဆော်လိုပါသည်။ ဤသည်က စားသုံးသူကို လိမ်လည် လှည့်ဖြားရုံမက ပြည်သူလူထုအတွက် ကြီးစွာသော အန္တရာယ်ဖြစ်ပါ၏။
သည်လို အတုအပများကို အစားအစာနှင့်ဆေးဝါးများ စစ်ဆေးနေသည့် ဌာနများက ပိုမိုအလေး ဂရုပြုသင့်ကြသည်ဟု မြင်ပါသည်။ လက်ရှိအနေအထားအရ ထိုသို့သောလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် နိုင်ရန် ဘတ်ဂျက်၊ ငွေကြေး၊ လူအင်အား စသည့်လိုအပ်မှုများ များစွာရှိမည်ဟု နားလည်ပါသည်။ သည်လို လိုအပ်ချက်များကို စနစ်တကျ တွက်ချက်ဆန်းစစ်သင့်သည်ဟုလည်း မြင်ပါသည်။
ထိုထိုသော အစားအသောက်ဆေးဝါးတို့ကြောင့် နိုင်ငံ၏ ကျန်းမာရေး အသုံးစရိတ်မည်မျှလောက်အထိ တိုးမြင့်နေသည်၊ မည်မျှလောက် ထိခိုက်မှု ရှိနေပြီလဲ။ ယင်းတို့ကို စနစ်တကျ ဓာတ်ခွဲခြင်း၊ အထူးဂရုထားကာ စစ်ဆေး အရေးယူခြင်းတို့အတွက် လိုအပ်မည့်ငွေကြေးနှင့် နှိုင်းယှဉ်သင့်လှပါသည်။
တိုင်းပြည်က စီးပွားရေးအကျပ်အတည်းရှိနေသည့်အတွက် ငွေကြေး ချွေတာရန် လိုအပ်သည်ဖြစ်သော်လည်း သည်လိုနေရာတွင် ဦးစားပေး သုံးစွဲခြင်းဖြင့် နိုင်ငံသားတို့၏ ကျန်းမာရေးစရိတ်များစွာ ကျဆင်းသွားနိုင် သည်ကို လည်းကောင်း၊ ကျန်းမာသည့် နိုင်ငံသားတို့၏ အလုပ်စွမ်းရည် တိုးမြင့်လာနိုင်သည်တို့ကို လည်းကောင်း လေ့လာဆန်းစစ်သင့်ပြီဟု ယူဆပါသည်။
ဘာကို ဦးစားပေးကာ လုပ်သင့်သနည်းဟူသည်ကို စနစ်တကျ ဆန်းစစ်ကာ မူဝါဒလုပ်ငန်းစဉ်တို့ ချမှတ်ဆောင်ရွက်ခြင်းက နိုင်ငံရေး ခေါင်းဆောင်တို့၏ အရေးကြီးသည့်တာဝန်ဖြစ်သည်ဟု ပြည်သူလူထုက ရှုမြင်ကြပါသည်။ သည်လို မူဝါဒပိုင်းဆိုင်ရာတို့ကို များများအချိန်ပေးကာ စဉ်းစားအဖြေရှာ ဆောင်ရွက်ကြရန်လိုမည်ဟုလည်း ပြည်သူ့အသံများက ပေါ်ထွက်နေပါသည်။
နိုင်ငံ၏ လက်ငင်းအနေအထားအရ ကိုင်တွယ်ဆောင်ရွက်ရမည့် ပြဿနာများက များပြားလွန်းလှသည်ဖြစ်ရာ မူဝါဒနှင့် အထွေထွေ စီမံခန့်ခွဲအုပ်ချုပ်မှု ခေါင်းဆောင်များအနေဖြင့် လုပ်ဆောင်စရာများ ကလည်း များပြားမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သည်လိုအနေအထားတွင် မည်သည်တို့ကို လက်ငင်းဦးစားပေး လုပ်ဆောင်သင့်သည်လဲဟူသည်ကို နေ့စဉ်နေ့တိုင်း စနစ်တကျချမှတ် လုပ်ဆောင်ခြင်းဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များ ထိရောက် လျင်မြန်လာနိုင်မည်ဟု ယုံကြည်လျက်ရှိပါကြောင်း။
မြန်မာ့အလင်း