မည်သူ့ကိုမျှ နောက်ချန်မထားရေး

မောင်သောင်းဝင်း(တမန်ဟောင်း)

ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်း ချက်ပန်းတိုင်အမှတ် (၆)သည် ၂၀၃၀ ပြည့်နှစ်တွင် လူသားအားလုံး သန့်ရှင်းသောသောက်သုံးရေ ရရှိရေးပင်ဖြစ်သည်။ ထိုသဘောတရားအရ မည်သူ့ကိုမျှနောက်ချန်မ ထားရေး (Leaving No One Behind) ရည်မှန်း ဆောက်ရွက်လျက် ရှိသော်လည်း ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာသည် လုံလောက်သော သောက်သုံးရေ မရရှိဘဲ ကြိုးပမ်းရပ်တည်နေရဆဲပင် ဖြစ်သည်။

အမျိုးသမီးများ၊ ကလေးငယ်များ၊ ဒုက္ခသည်များ၊ ဒေသခံပြည်သူများ၊ မသန်စွမ်းများနှင့် အခြားသော ချို့တဲ့သူများသည် ဘေးကင်းလုံခြုံမှုရှိသည့် သောက်သုံးရေ ရရှိရန်ကြိုးပမ်းရာတွင် လျစ်လျူရှုခံရလေ့ရှိပြီး တစ်ခါတစ်ရံ ခွဲခြားဆက်ဆံမှုပင် ခံကြရလေ့ရှိသည်။ ထို့ကြောင ့်ဘေးကင်းလုံခြုံမှုရှိသည့် သောက်သုံးရေ ရရှိရေးနှင့်စပ်လျဉ်း၍ လျစ်လျူရှုခံထားရသော ပြည်သူများအတွက် နှစ်စဉ် မတ်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့ရေနေ့ အခမ်းအနားများ ကျင်းပကာ ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ရေနေ့အကြို ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို မတ်လ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်သည်

ရေဆိုသည်မှာ

ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက် ဆိုသည့်အတိုင်း သက်ရှိများအတွက် အရေးအပါဆုံးသော အရာသည်လည်း ‘ရေ ပင်ဖြစ်နေသည်။ ဓာတုဒြပ်ပေါင်း တစ်ခုဖြစ်သည့် ရေမော်လီကျူးတစ်ခုတွင် ဟိုက်ဒရိုဂျင် အက်တမ်နှစ်ခုနှင့် အောက်ဆီဂျင် အက်တမ်တစ်ခု (H2O)တို့ ပေါင်းစပ်ပါဝင်နေကြောင်းကို ငယ်စဉ်ကတည်းက ဓာတုဗေဒဘာသာရပ်တွင် သင်ကြားခဲ့ရသည်။ ရေကိုသတ်မှတ်အပူချိန်နှင့် ဖိအားအောက်တွင် အရည်အဖြစ် တွေ့ရလေ့ရှိသည်။ ထို့အပြင် ရေခဲ၊ ရေခိုးရေငွေ့၊ နှင်းခဲ၊ မြူငွေ့နှင့် တိမ်တိုက်အဖြစ်လည်း ရပ်တည်နေသည်။ ကမ္ဘာ့မြေမျက်နှာပြင် ၇၀ ရာခိုင်နှုန်း ကျော်ကို ရေထုဖြင့် ဖုံးလွှမ်းထားရှိပြီး ရေအများစုသည်ပင်လယ်၊ သမုဒ္ဒရာများတွင် စုဖွဲ့တည်ရှိနေကြသည်။

ရေဘယ်လောက်သောက်မလဲ

လူတစ်ဦး၏ နေ့စဉ်လုံလောက်စွာ သောက်သုံးသည့် ရေပမာဏသည် ထိုသူ၏ ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ကို ထိန်းသိမ်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ နေ့စဉ် သောက်ရေ ဖန်ခွက် ရှစ်ခွက်မှ ၁၀ ခွက်ခန့်အထိ သောက်သုံးသူသည် ကျန်မာရေး ကောင်းမွန်မည်ဟု ကျွမ်းကျင်သူများက ဆိုထားသည်။ အထူးသဖြင့် အမျိုးသားများသည် ရေ၁၃ ခွက် (သုံး လီတာခန့်) အထိ သောက်သုံးသင့်ပြီး အမျိုးသမီးများ သည် ကိုးခွက် (၂ ဒသမ ၂လီတာခန့်) အထိ သောက်သင့်သည်ဟုလည်း ဆိုထားသည်။

မည်သို့ပင်ဆိုစေကာမူ ရေသည် လူတစ်ဦး၏ ကျန်းမာရေးအတွက် များစွာအရေးပါလျက် ရှိသည်။ ထို့အပြင် ရေသည် လူ့ကိုယ်ခန္ဓာတွင် အဓိကကျသော အစိတ်အပိုင်းတစ်ရပ် အဖြစ်လည်း ပါဝင်နေသည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာ အရွယ်အစားအပေါ်မူတည်၍ ရေ ၅၅ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းအထိ ပါဝင်သည်။ ဦးနှောက်နှင့် နှလုံးတွင် ရေ ၇၃ ရာခိုင်နှုန်းအထိ ပါဝင်ပြီး အဆုတ်တွင် ၈၃ ရာခိုင်နှုန်းအထိ ပါဝင်သည်ဟု ဆိုသည်

အကျိုးကျေးဇူးများ

ရေတွင် ကယ်လိုရီနှင့် အာဟာရများပါဝင်ခြင်း မရှိသော်လည်း ဘေးကင်းလုံခြုံသော သောက်သုံးရေသည် လူသားတို့နှင့် အခြားသက်ရှိသတ္တဝါများ အသက်ရှင်နေထိုင်ရေးအတွက် များစွာအရေးပါလျက်ရှိသည်။လူတစ်ဦးသည် ရေကိုဖူလုံစွာသောက်သုံးထားပါက ဦးနှောက်၊ ခန္ဓာကိုယ်ဆဲလ်များ၊ အစာချေစနစ်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများ၏ လုပ်ဆောင်ချက်များကို အထောက်အကူဖြစ်စေရုံသာမက အသားအရေ ခြောက်ခန်းမှု၊ ပြင်ပရောဂါပိုးဝင်မှုတို့ကိုပါ ကာကွယ်ပေးသည့်အပြင် ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးနိုင်သည်

ထို့အပြင် ရေကို လုံလောက်စွာသောက်သုံးခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှု လျော့ပါးသက်သာစေခြင်း၊ စိတ်ရွှင်လန်းစေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မူးဝေအော့အန်သည့် ဝေဒနာမှ သက်သာစေခြင်း၊ အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှ ကင်းဝေးခြင်း၊ ကိုယ်ခန္ဓာအလေးချိန်လျော့ကျစေခြင်း၊ အဆိပ်အတောက်ဖြစ်ပွားနိုင်မှုမှ လျော့ပါး စေခြင်း၊ ကိုယ်ခန္ဓာအေးမြမှုကို ထိန်းချုပ်ပေးခြင်း စသည့်အကျိုးကျေးဇူးပေါင်းများစွာကို ရရှိစေသည်

အထူးသဖြင့် ရေသည် ကမ္ဘာ့စီးပွားရေးလုပ်ငန်း များစွာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လူသားတို့သည် ရေ ၇၀ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုး ရေးလုပ်ငန်းတွင် အသုံးပြုလျက်ရှိသည်။ ထို့အပြင် စက်ရုံ၊ အလုပ်ရုံများသည်လည်း ရေရှိမှသာ လည်ပတ်နိုင်မည်ဖြစ်သည်

နေ့စဉ် ရေလိုအပ်

ဆိုရလျှင် ကမ္ဘာ့ရေအရင်းအမြစ် ၉၇ ရာခိုင်နှုန်းခန့်သည် ပင်လယ်၊ သမုဒ္ဒရာကြီးများတွင် တည်ရှိနေသော ဆားငန်ရေများသာ ဖြစ်ကြသည်။ နှစ်စဉ်မိုးရွာသွန်းမှု၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် မြေအောက်ရေ အရင်းအမြစ်များမှ သန့်ရှင်းလတ်ဆတ်သောရေ ၄၂ ဒသမ ၈ ထရီလီယံကုဗမီတာခန့် ရရှိနိုင်သည်။ ထိုပမာဏသည် လူတစ်ဦး၏ ရေလိုအပ်ချက်ထက် လေးဆခန့်ရှိသည်။ နေထိုင်မှုပုံစံအပေါ်မူတည်၍ လူတစ်ဦးသည် နေ့စဉ်ရေလီတာ ၂၀ဝဝ မှ ၅၀ဝဝ အထိ လိုအပ်သည်ဟု ဆိုသည်။ သန့်ရှင်းသောရေ ၆၀ ရာခိုင်နှုန်းခန့်သည် တောင်ဝင်ရိုးစွန်း ဒေသတွင် ရှိသည်။ ကျန်ရေပမာဏသည် ဗဟိုနှင့် လက်တင်အမေရိက ဒေသတွင် ရှိသည်။ ထို့ကြောင့် အရှေ့အလယ်ပိုင်း ဒေသတွင် သန့်ရှင်းသော ရေအရင်းအမြစ် ရှားပါးလျက်ရှိသည်။

ရေရှားပါးလာခြင်း

ရေရှားပါးခြင်းသည် ဒေသတစ်ခုအတွင်း ရေလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သည့် ရေအရင်းအမြစ်မရှိခြင်း ကို ဆိုလိုသည်။ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၈ ဘီလီယံခန့်နှစ်စဉ် ရေတစ်လခန့် ပြတ်လပ်လျက်ရှိသည်။ ထို့အပြင်လူဦးရေ ၁ ဒသမ၂ ဘီလီယံခန့်သည် သန့်ရှင်းသော သောက်သုံးရေ လိုအပ်လျက်ရှိသည်။ ရေထုညစ်ညမ်းမှု၊ ရာ သီဥတုပြောင်းလဲမှု၊ ပူပြင်းခြောက်သွေ့မှု၊ ရေကြီးရေလျှံဖြစ်ပွားမှု စသည့် အကြောင်းတရားများကြောင့် ရေရှားပါး မှုဖြစ်ပွားရလေ့ရှိသည်။ အဆိုးရွားဆုံးမှာ ရေအရင်းအမြစ်များအပေါ် စီမံခန့်ခွဲမှု ညံ့ဖျင်းသောကြောင့်လည်း ရေရှားပါးမှု ဖြစ်ပွားတတ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် ကြုံတွေ့ရနိုင်သည့်အနာဂတ်စစ်ပွဲသည် နိုင်ငံရေးကြောင့်မဟုတ်ဘဲ သောက်သုံးရေရရှိရေးကို အကြောင်းပြု၍ ဖြစ်ပွားလာမည်ဟုဆိုသည်။ လူဦးရေ တိုးပွားလာမှုသည်လည်း ရေရှားပါးရခြင်း၏ အခြေခံ အကြောင်းရင်းတစ်ခုဖြစ်သည်။ ရေရှားပါးမှု ကြုံတွေ့နေရပြီးဖြစ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်၂၀၅၀ ပြည့်နှစ်တွင် လူဦးရေသန်း ၃၅၀ဝ ခန့်သည် ရေရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးက ခန့်မှန်ထားရှိသည်။ ထို့ကြောင့် ရေအရင်းအမြစ်များကို အချိန်မီ စနစ်တကျထိန်းသိမ်း ကာကွယ်မှုမရှိလျှင် ရေရှားပါးပြတ်လပ်မှု ပိုမိုမြင့်မားလာမည် ဖြစ်သည်

မြို့ပြများ တိုးချဲ့တည်ဆောက်ခြင်း၊ စက်မှုလုပ်ငန်းများ ထူထောင်ခြင်းနှင့် သဘာဝသစ်တောများကို လွန်ကဲစွာ ခုတ်လှဲခြင်းသည် ရေရှားပါးရခြင်း၏ အခြေခံအကြောင်း တရားများပင် ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် အပူလွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မိုးကြီးခြင်း၊ ရေကြီးခြင်း၊ ဆီးနှင်းများကျခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ထိုသို့ သဘာဝလွန်ဖြစ်ရပ်များ အကြိမ်ကြိမ်ဖြစ်ပွားမှုသည် သဘာဝရေအရင်းအမြစ်ကို ထိန်းသိမ်းထားနိုင်စွမ်း နည်းပါးလာပြီး ရေရှားပါးခြင်းဆိုသော နောက်ဆက်တွဲ ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပါသည်။

ထို့အပြင် မြို့ပြများတွင် စက်ရေတွင်းများ လွန်ကဲစွာ တူးဖော်ခြင်းသည်လည်း မြေအောက်ရေအရင်းအမြစ်ကိုဆုတ်ယုတ်စေပါသည်။ ရေသည် ကမ္ဘာ့စီးပွားရေး လုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ စက်ရုံများမှ ထုတ်လွှတ်သော စွန့်ပစ်ဓာတုပစ္စည်းများကိုမြစ်၊ ချောင်းများနှင့် ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့ စွန့်ပစ်လေ့ရှိကြသည်။ စက်ရုံ၊ အလုပ်ရုံများအား အအေးခံခြင်းနှင့် ထုတ်ကုန်ပစ္စည်းကို တင်ပို့ရာတွင်လည်း ရေလမ်းကိုသာ အသုံးပြုကြရသည်။ ထို့အပြင် လတ်ဆတ်သော ရေ ၇၀ ရာခိုင်နှုန်းခန့်ကိုလည်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနေကြပါသည်။ ထို့ကြောင့်စနစ်တကျ စီမံခန့်ခွဲမှုများဖြင့်သာ အနာဂတ်ရေရှားပါး ပြတ်လပ်မှုပြဿနာကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်

ရေရှည်မျှော်မှန်းဆောင်ရွက်

မြန်မာနိုင်ငံတွင် မတ်လဆန်းကတည်းက အပူချိန်တဖြည်းဖြည်း မြင့်တက်လာလျက်ရှိသည်။ နွေရာသီ၌ ရေရှားပါးမှုကြုံတွေ့ရသည့် တချို့သောဒေသများတွင် နေ့စဉ်သုံးရေရရှိရေးထက် သောက်ရေဖူလုံရေးကိုပင် များစွာခက်ခဲကြသည်။ ကျေးလက်နေပြည်သူများသည် သောက်သုံးရေတစ်ပုံး၊ တစ်အိုးရရှိရေးအတွက် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာများသို့ ပင်ပန်းကြီးစွာ သွားရောက်ကာ ခပ်ကြရလေ့ရှိသည်။ နွေရာသီတွင် အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ကျွဲ၊ နွားများနှင့်အတူ ရေရှိသည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ရေကန်ရှိသော နေရာများသို့ သွားရောက်နေခိုရလေ့ရှိပါသည်။ ထိုအခက်အခဲကို နှစ်စဉ်ကြုံတွေ့နေရသဖြင့် တာဝန်ရှိသူများသည် ကျေးလက်နေပြည်သူများ၏ အနာဂတ်ကို မျှော်တွေးကာ သောက်သုံးရေဖူလုံရေးအတွက် ထိရောက်သော ရေရှည်စီမံချက်များ ချမှတ် အကောင်အထည်ဖော်ပေးသင့်ပါသည်။

မည်သူ့ကိုမျှ နောက်ချန်မထားရေး

စင်စစ်အားဖြင့် ရေသည် သက်ရှိများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သော အရာပင်ဖြစ်သည်။ ထိုတန်ဖိုးကြီးမားသော ရေသယံဇာတကို အကျိုးရှိစွာဖြင့် အသုံးချသွားရန်သည် လူသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ ထို့ကြောင့်အနာဂတ်တွင် တိုးပွားလာမည့် ကမ္ဘာ့လူဦးရေကို အရှည်မျှော်တွေးလျက်နေ့စဉ် သုံးစွဲနေသောရေကို လိုအပ်သလောက်သာ ထုတ်ယူပြီး ချွေတာသုံးစွဲသင့်သည်။ ထို့အပြင် ရေအရင်း အမြစ်များ လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် တစ်ဖက်တစ်လမ်းမှ ကြိုတင်ထိန်းသိမ်းသွားရန်လည်း လိုအပ်သည်။ အထူးသဖြင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်နှင့်ဆည်မြောင်း၊ တာတမံများ တိမ်ကောမှုမရှိအောင် ကြိုတင်ထိန်းသိမ်းမှု ပြုလုပ်သွားသင့်သည်။ အသဉာဏ်ပညာ မြင့်မားသော လူသားတို့အနေဖြင့် အဖိုးတန်ရေ သယံဇာတများကို မိုက်မဲစွာ အကျိုးမဲ့ ဖြုန်းတီးခြင်းမျိုးကို ကိုယ်စီအသိစိတ်ရှိစွာဖြင့် ရှောင်ကြဉ်လျက် လိုအပ်သလောက်သော ပမာဏကိုသာ အကျိုးရှိရှိသုံးစွဲသွားသင့်သည်။

မြန်မာနိုင်ငံတစ်ဝန်း၌ နွေရာသီတွင် လူတိုင်းကြုံ တွေ့ရသည့် ပြဿနာသည် သောက်သုံးရေ ရှားပါးမှုပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်း ကျော်သည် ကျေးလက်နေ ပြည်သူများဖြစ်ကြသည်။ ထိုကျေးလက်နေ ပြည်သူအများစုသည် နွေရာသီတွင် သောက်သုံးရေ ရှားပါးမှုဒဏ်ကို နှစ်စဉ်ခါးစည်းခံရလေ့ရှိကြသည်။ မည်သို့ပင်ဆိုစေကာမူ အနာဂတ်တွင် ကြုံတွေ့လာရနိုင်သည့် ရေရှားပါးမှုပြဿနာကို ကြိုတင်မျှော်တွေးကာ စနစ်တကျရှိသော စီမံခန့်ခွဲမှုများအောက်တွင် ကိုယ်စီအသိစိတ်ရှိရှိဖြင့် တန်ဖိုးရှိသောရေကို စနစ်တကျသာ ချွေတာသုံးစွဲသွားမည်ဆိုလျှင် နိုင်ငံသားတိုင်း သောက်သုံးရေဖူလုံစွာရရှိမည်ဟု ခိုင်မာစွာ ယုံကြည်မိပါသည်။

ကြေးမုံ