ရွှေရေးထင်ထင်က ဒါရိုက်တာအဖြစ် ရိုက်ကူးဖန်တီးထားသည့် ရာဇဝင်ရိုင်းခဲ့သည်ဇာတ်ကား၌ သရုပ်ဆောင် ခဲ့ရာတွင် ဝေဖန်မှုများကြောင့် စိုးရိမ်စိတ်မဖြစ်ပေါ်ဟု ဇေရဲထက်က တုံ့ပြန်ခဲ့သည်။ ယင်းဇာတ်ကားသည် ယခုလ ၆ ရက်တွင် ရုံတင်ပြသမည်ဖြစ်ပြီး လိင်တူချစ်သူထားရှိခြင်းအတွက် ပညာပေးဇာတ်ကားတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
“ရိုက်တဲ့အချိန်မှာ ဇာတ်ကောင်စရိုက်ကိုပဲ ကျွန်တော် ကြိုးစားသရုပ်ဆောင်တာ။ ပညာပေးဖြစ်လို့လည်း စိတ်ဝင်စားတယ်။ အိမ်ထောင်စုတိုင်း၊ မိသားစုတိုင်းမှာဖြစ်တတ်ပြီး ပညာရတဲ့ ကားလေးတစ်ကား ဖြစ်တယ်လို့လည်း ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထဘီကျွတ်၍ လွှတ်လိုက်သည် ဇာတ်ကားတွင်လည်း သရုပ်ဆောင်ကြေးများမှာ ပြန်လည်အသုံးပြု ဝတ်ဆင်ရသည့် ဖက်ရှင်အတွက်ပင် အများဆုံးအကုန်အကျခံခဲ့ရကြောင်း၊ အနုပညာသမားတစ်ဦး ဖြစ်ခြင်းကြောင့် ကျရာဇာတ်ကောင် စရိုက်အပေါ် ပီပြင်စွာသရုပ်ဆောင်ရန်သာ ရည်စူးကြောင်း ဇေရဲထက်က ပြောကြားသည်။
“ဘယ်နေရာဖြစ်ဖြစ် ဝေဖန်မှုဆိုတာကတော့ ကြုံနေရတာပဲ။ ဇာတ်ကားအတော်များများလည်း ဝေဖန်ခံကြရတာပါပဲ။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပေါ်မှာလည်း ဝေဖန်စရာမရှိသလို ဝေဖန်ကြသူတွေကိုလည်း ဘာမှပြောလိုတာမရှိပါဘူး။ အဓိကကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ဖို့ သရုပ်ဆောင်ရဲ့အလုပ်လို့ သတ်မှတ်ပါတယ်” ဟု ပြောကြားသည်။
ကိုလင်း