ပုသိမ်ကြီး စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မှန်ပင်ကျေးရွာအုပ်စု၊ မှန်ပင်ကျေးရွာ၌ ကျေးလက်နေ ပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၁ -၂၀၂၂ (၆လ)ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မှန်ပင်ကျေးရွာတွင် သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် လေးလက်မ အနက်ပေ ၄၀၀ ရှိ အဝီစိ စက်ရေတွင်း တစ်တွင်း၊ ဂါလန် ၂၄၀၀ ဆံ့စင်မြင့်ရေစင်တစ်ခု၊ အလျား ၅ပေ အနံ ၅ပေ အမြင့် ၇ပေ ရှိရေ စက်ရုံတစ်ခုတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၁ -၂၀၂၂ခု(၆လ) ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၁၈) သန်း ကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင် ကပြောပြသည်။
အဆိုပါ ကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက အိမ်ခြေ ၂၁၂ မှ လူဦးရေ ၈၇၁ ဦးအပြင် ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက် ပါရာသီမရွေး သောက်သုံးရေရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်၏ ပြောပြချက်အရ သိရသည်။
ငြိမ်းသူ


