ချောင်းဆုံ ၂၉ ဇန်နဝါရီ
ကျေးရွာများရှိ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရေရှည်တည်တံ့နိုင်ရန်အတွက် မွန်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ပွဲကို ချောင်းဆုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
“မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းကနေပြီးတော့ တစ်နိုင်ငံလုံးကို အတိုင်းအတာ တစ်ခုအနေနဲ့ စာကြည့်တိုက်တွေကို စာအုပ်တွေပေးအပ်တဲ့နေရာမှာ ကျွန်တော်တို့ကတစ်ဆင့် ဖွဲ့စည်းထားပြီးဖြစ်တဲ့ မြို့နယ်စာကြည့်တိုက်ကနေပြီး ကိုယ့်မြို့နယ် ကျေးရွာတွေမှာရှိတဲ့ ခုလက်ရှိ ဖွင့်ထားတဲ့ စာကြည့်တိုက်များအပေါ် မူတည်ဆုံးဖြတ်ပြီး စာအုပ်များကို လာရောက်ပေးအပ်ခြင်း ဖြစ်ပါတယ်”ဟု မွန်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးချိုချိုက ပြောကြားသည်။
အဆိုပါစာအုပ်ပေးအပ်ပွဲအပြင် ကျေးရွာများရှိ စာကြည့်တိုက်အဖွဲ့ဝင်များက စာကြည့်တိုက် နှင့်ပတ်သက်၍ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာတွင် စာအုပ်စာစောင်များ ဝယ်ယူရာ၌ လိုအပ်သည့်ငွေကြေးနှင့် စာကြည့်တိုက်တွင် လိုအပ်နေသည့် စာအုပ်စာစောင်များကို ကျေးရွာစာကြည့်တိုက် အချင်းချင်းနှင့် မြို့နယ်စာကြည့်တိုက်မှတစ်ဆင့်ငှားရမ်းပြီး စာကြည့်တိုက်ကို ရေရှည်တည်တံ့နိုင်ရန် စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် မွန်ပြည်နယ် စာကြည့်တိုက် ဖောင်ဒေးရှင်းမှ ကညှော်ကျေးရွာ စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် မတည်ငွေ ကျပ် ( ၂)သိန်း၊ နှင့် မရမ်း၊ မုဒွန်း၊ ကွမ်သဲ၊ စော်ကဲ၊ ဒေါင်းရပ်အရှေ့၊ မုရစ်ကလေး စသည့် ကျေးရွာ (၁၃) ရွာရှိ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကို မွန်ပြည်နယ် စာကြည့်တိုက် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လှူဒါန်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထူးအိမ်(ပြန်/ဆက်)