မော်လမြိုင် ဇွန် ၂၇
မွန်ပြည်နယ် ပေါင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာ သင်တန်း (အငယ်တန်း) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၆ ရက်က မုတ္တမမြစေတီ နန်းဦးစာသင်တိုက်၌ ကျင်းပရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပေါင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း၏ ဩဝါဒဆရာတော် အရှင်ဥတ္တရာ ဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်တော်မူကြပြီး မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ဆက်လက်၍ ပေါင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဦးက ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ် လှူဒါန်းကြသည်။
အဆိုပါသင်တန်းကို မုတ္တမမြစေတီ နန်းဦးကျောင်းတိုက်၊ ကြခတ်ငူကျေးရွာနှင့် ဇင်းကျိုက်မြို့တို့တွင် သင်တန်းသား (၅၀) စီဖြင့် ရက်သတ္တပတ် (၇) ရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် (၃၈) ဖြာ မင်္ဂလာတရားတော်များအညီ ယဉ်ကျေးလိမ္မာသော လူတော်၊ လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


