မော်လမြိုင် မေ ၂၅

 

မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၄ ရက် နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပသည်။

 

ဦးစွာ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အမျိုးသားအဆင့် ခရီးသွားလုပ်ငန်း ဗဟိုကော်မတီသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လမ်းညွှန်မှုပေးလျက်ရှိကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနကလည်း  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Barrier Free Tourism နှင့် ထင်ရှားသည့် ပွဲတော်များ၏ အခမ်းအနားများကို အကြောင်းပြု၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက် ရေးဆွဲထားပြီး စီမံချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် သဘာဝကို အခြေခံသည့် ခရီးသွားလာရန် နေရာများစွာရှိကြောင်း၊ ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ အလွန် ကာလအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာ‌ရေး၊ လက်ရှိ ခရီးသွားဒေသများကို ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် ခရီးသွားလုပ်ငန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပညာပေးသင်တန်းများ ပို့ချရန် လိုအပ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များကို ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုင်စင်ထုတ်ပေးမည် ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးက လိုင်စင်ဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များက အကြံပြု ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်ခရိုင်(ပြန်/ဆက်)