မော်လမြိုင် ဩဂုတ် ၁၈
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ဩဂုတ် ၁၇ ရက် မွန်းတည့် ၁၂ နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများက အထူးအလေးနက်ထား ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လိုက်နာနိုင်ရေး အထူးကြပ်မတ်ပေးစေလိုကြောင်း၊ ပညာပေးနှင့်အသိပညာပေး လုပ်ငန်းများတွင် ပြည်သူများ သိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် Online Meeting ဖြင့် တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြပြီး တင်ပြချက်အပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ကိုးသောင်းကျော်ကို ထိုးနှံပေးသွားပြီးဖြစ်ပြီး ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကာ ပိုးတွေ့လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်နှင့် လိုအပ်သည့် အောက်စီဂျင်များ လုံလောက်စွာရရှိရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပရဟိတစေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


