ရန်ကုန် ၃၁ ဇန်နဝါရီ 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ အတောင် ၄၀ဝ ပြည့် လျောင်းတော်မူဘုရားကြီး ဗုဒ္ဓပူဇနိယ ဘုရားပွဲနှင့် ဝင်းစိန်ဆရာတော်ဘုရားကြီး သက်တော် (၉၈) နှစ်ပြည့် မွေးနေ့ပူဇော်ပွဲ၊ ရုပ်ကလာပ်တော်အား သင်္ကန်းတော် လဲလှယ်ပူဇော်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် ဝင်းစိန်ရတနာတောင် တောရကျောင်းတွင် ကျင်းပသည်။ 

အခမ်းနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ ဦးဆောင်သော နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများ အမှူးပြု၍ ကျိုက်ထီးဆောင်းဆရာတော်၊ ဒုတိယ ဝင်းစိန်ဆရာတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့ နုဂ္ဂဟအသင်းဗဟို (ဥက္ကဋ္ဌ) ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေတို့ တက်ရောက်ကြသည်။

 

mdn

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများသည် ဘုရားဖူးလာပြည်သူများ လွယ်ကူအဆင်ပြေ သွားလာနိုင်ရန်အတွက် အတောင် ၄၀ဝ ပြည့် လျောင်းတော်မူဘုရားကြီး ဘုရားအဝင်လမ်း အရှည်ပေ (၅၇၀ဝ)၊ အကျယ် (၂၄)ပေ နိုင်လွန်ကတ္တရာ လမ်းသစ်ကိုပါ အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး ယင်းအခမ်းအနားတွင် ဦးဇေသီဟ (ဇေကမ္ဘာမိသားစု) မှ အလှူငွေ ကျပ်သိန်း (၆၃၀ဝ)အား ဆက်ကပ်လှူဒါန်းသည်။ 

မွန်းလွဲပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျိုက်မရော ဆုတောင်းပြည့် ဘုရားကြီး အထွတ်ရှိ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့အား ကြံ့ခိုင်မှုအားနည်းနေပြီး ငှက်မြတ်နားတော်မှာကြီးမှာ ဆွေးမြေ့နေ၍ ဘုရားကြီးခေါင်မိုးပေါ်သို့ ပြုတ်ကျနေသောကြောင့် သာသနာ (၂၅၀ဝ) မှ သာသနာ (၅၀ဝ၀) တည်တံ့ဆောင်နိုင်ရန်အတွက် ထီးတော်ဟောင်းအား ပင့်ဆောင်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ 

ညနေပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၏ သာသနာတော်ဆိုင်ရာ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စရပ်များ လိုအပ်သလို အသုံးပြုနိုင်ရန်အတွက် ဇေကမ္ဘာကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းခဲ့သည့် သံဃနာယကအဖွဲ့ရုံး၊ နှစ်ထပ်ကျောင်းဆောင်သစ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်၊ ပလ္လင်မြတ်တို့ ပြီးစီးပြီဖြစ်သဖြင့် ရေစက်သွန်းချ အလှူတော်မင်္ဂလာပွဲ အခမ်းအနားအား ကျင်းပခဲ့ပြီး သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများအား ဆပ်ကပ်လှူဒါန်းသည်။

(သတင်းစဉ်)

 

mdn