မုဒုံ ၁၀ သြဂုတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးသီးနှံနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန်  ယနေ့နံနက် ၉ နာရီက ကော့ပရံကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာ၌ သင်တန်းဖွင့်လှစ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က စပါးစတင် စိုက်ပျိုးချိန်မှစ၍ စားသုံးသူထံအရောက် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်ကုန် ထုတ်လုပ်ရောင်းချနိုင်ရေး၊ စိုက်ပျိုးရေးထွက်ကုန် အရည်အသွေး မြင့်မားပြီး ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ အာဆီယံနိုင်ငံအတွင်း စျေးကွက်ယှဉ်ပြိုင်နိုင်ရန်နှင့် အခြားနိုင်ငံများ၏ စျေးကွက်ဝေစုများ ရယူနိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောသည်။

 

သင်တန်းတွင် ပြည်နယ်ပိုးမွှားရောဂါဌာနမှ (၂) ဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (၄) ဦးတို့က သင်ကြားပေးသွားမည်ဖြစ်ပြီး ကျေးရွာရှိ တောင်သူလယ်သမား ၃၀ ခန့် တက်ရောက်ကြကာ သင်တန်းကာလ ၃ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)