မော်လမြိုင် ဇွန် ၂၁
မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ တတိယအကြိမ် အစည်းအဝေးကို ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပရာ မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်၊၊
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ပေါကြွယ်ဝသည်နှင့်အညီ ထိုသယံဇာတများကို စနစ်တကျ ထိန်းသိမ်းသွားရန်လိုအပ်ကြောင်း၊ ကမ်းရိုးတန်းဒေသဖြစ်သည်နှင့်အညီ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းများ တိုက်ခတ်ခြင်း၊ ကမ်းပါးပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ် ခံစားရမှုများ လျော့နည်းသက်သာစေရန် လိုအပ်သည့် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး ပြည်သူများကို အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆက်စပ်ဌာနများနှင့် တိုးမြှင့်ပြုလုပ်ကြရန် လိုအပ်ကြောင်း လမ်းညွှန်ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီဝင် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းနှင့် ကော်မတီအတွင်းရေးမှူးတို့က တတိယအကြိမ် အစည်းအဝေးသို့ တင်ပြမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာသည့် ကော်မတီဝင်များက အထွေထွေရှင်းလင်း အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်၊၊
ခင်စန်းမြင့် (ခရိုင် ပြန်/ဆက်)