ပွင့်ဖြူ ၁၄ ဩဂုတ်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးဒုက္ခ ရောက်နေကြသည့် မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများ ထောက်ပံ့လှူဒါန်းနိုင်ရေးအတွက် ရည်ရွယ်ကာ ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့နှင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ဖျော်ဖြေရေးယာဉ်များဖြင့် အလှူငွေများ လိုက်လံကောက်ခံလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒကရုဏာရှင် နာမှုကူညီရေးအသင်းရုံးမှ သိရသည်။
မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းနိုင်ရေးအတွက် ဖျော်ဖြေရေးယာဉ်ဖြင့် မြို့တွင်းလှည့်လည် အလှူခံထွက်ရာတွင် ဒေသခံစေတနာရှင် ပြည်သူများက စိတ်အားထက်သန်စွာ အလှူငွေများ ကုသိုလ်ပါဝင် လှူဒါန်းခဲ့ကြရာ ယခုလက်ရှိ ကောက်ခံရရှိမှု အလှူငွေ စုစုပေါင်း ၂၇ သိန်းခန့် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကောက်ခံရရှိသည့် အလှူငွေများကို ယခုလ ၁၉ ရက်နေ့တွင် မွန်ပြည်နယ်ရှိ ရေဘေးရှောင် စခန်းများသို့ မော်တော်ယာဉ်များဖြင့် သွားရောက်ထောက်ပံ့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်အဖွဲ့ဥက္ကဋ္ဌ ဦးဌေးဝင်း ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


