ပေါင်၊ ၂၀ ဇန်နဝါရီ

မွန်ပြည်နယ်မှ ထွက်ရှိသော ငါးများကို သမဝါယမအသင်းမှ ဝယ်ယူပြီး မူရင်းဈေးအတိုင်း ပြည်သူများကို ဈေးနှုန်း သက်သာစွာဖြင့် ပြန်လည်ရောင်းချပေးနေကြောင်း မွန်ပြည်နယ် သမဝါယမ ဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်တွင် ကမ်းနီးကမ်းဝေး ရေလုပ်ငန်းငယ်မှ တစ်နေ့လျှင် ငါးအမျိုးအစားစုံ ၁၀ တန်ခန့်ရရှိပြီး ကိုဗစ် ကာလတွင် မွန်ပြည်နယ်ငါးဈေးကွက်မှာ ပြည်တွင်း ရောင်းအားကျဆင်းခြင်း၊ ပြည်ပသို့ တင်ပို့ရောင်းချရန် အခက်အခဲ ရှိနေခြင်းတို့ကြောင့် ငါးဒိုင်အများစုမှာ အရှုံးများနှင့် ကြုံတွေ့နေရကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

ယင်းအခြေအနေများကို ကုစားပေးသည့်အနေဖြင့် သမဝါယမအသင်းမှ ငါးဒိုင်များထံမှ ငါးများ ပြန်လည် ဝယ်ယူပြီး မြို့နယ် သမဝါယမအသင်းစု ၁၀ ခုက Mobile စနစ်ဖြင့် ပြည်သူလက်ဝယ်အရောက် အမြတ်မယူဘဲ တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း မွန်ပြည်နယ် သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးလှဟန်က ပြောပြသည်။

မွန်ပြည်နယ်တွင် မိုဘိုင်းစနစ်ဖြင့် ငါးများကို မူရင်းဈေးအတိုင်း ပြန်လည်ရောင်းချသည့်အစီအစဉ်ကို ယခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်ကတည်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် အခြားတိုင်း ဒေသကြီး/ပြည်နယ်များရှိ သမဝါယမအသင်းချုပ်များနှင့် ချိတ်ဆက်ပြီး မူးရင်းဈေးအတိုင်း ရောင်းချနိုင်အောင် စီစဉ် ထားကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ကိုဟိန်း(ပေါင်)