ကျိုက်မရော ၂၇ မတ်     

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် ကျိုက်မရော မြို့နယ်ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်  ၁၀နာရီ  ကရောက်ရှိကာ ကျိုက်မရောမြို့နယ်၏ COVID - 19 ရောဂါ နှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လျက်ရှိသော အလုပ်သမားများ၏ ကျန်းမာရေးအခြေအနေများ၊ ဆေးရုံနှင့် အခြားကျန်းမာရေး ဌာနများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ကိုယ့်အသိစိတ်ဓါတ်ဖြင့် သတင်းပေးပိုမှု အခြေအနေများကို သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများအား တွေ့ဆုံမေးမြန်း၍ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနအကြီးအကဲများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ 

ထို့နောက်  COVID- 19  ရောဂါနှင့်ပတ်သက်၍ ကျိုက်မရော ဆေးရုံအတွင်း၌ စီစဉ်ဆောင်ရွက် ထားရှိမှု များကို မေးမြန်းရာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်က ကုသရေး လုပ်ငန်းများ၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် ထိုင်းနိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦး ကိုယ်အပူချိန်မြင့်တက်ပြီး ရောက်ရှိလာသဖြင့် သီးသန့်လူနာဆောင်တွင် သီးသန့်ထားရှိ၍ COVID- 19 ရောဂါရှိမရှိ စစ်ဆေးဆောင်ရွက်ထားရှိပါကြောင်း၊ သံသယလူနာအဖြစ် ကျိုက်မရောဆေးရုံတွင်  တစ်ဦးသာရှိကြောင်း၊ သီးသန့်လူနာဆောင်များဆောင်ရွက်ထားရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ 

ဆက်လက်၍ဝန်ကြီးချုပ်က ကျိုက်မရော ပြည်သူ့ဆေးရုံအတွက် လိုအပ်ချက်များကို တင်ပြ တောင်းဆိုသွားရန် မှာကြားပြီး ဆေးရုံအတွင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)