မွန်ပြည်နယ် ဝန်ကြီးချုပ် ပြည်နယ်တရားလွှတ်တော် ပင်မအဆောက်အဦ တည်ဆောက်ပြီးစီးနေမှုနှင့် အချောသပ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၂

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်တရားလွှတ်တော် ပင်မအဆောက်အဦ တည်ဆောက်ပြီးစီးနေမှုနှင့် အချောသပ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် ဆောင်ရွက်ထားရှိမှု၊ အထူးအချောသပ်လုပ်ငန်းဆောင်ရွက်မှု၊ Extra Word လုပ်ငန်းများဖြစ်သည့် ပရိဘောဂများ ထည့်သွင်းခြင်း၊ ကျွန်းမျက်နှာပြင်များ ပေါ်လစ်တင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ကားပါကင်နှင့် ဆက်စပ်အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ရေသန့်လုပ်ငန်းနှင့် လျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် စံချိန် စံညွှန်းနှင့် ပြည့်မီစေရေး အထူးအလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

တရားလွှတ်တော်အင်္ဂါရပ်နှင့်အညီ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်ရှိ မွန်ပြည်နယ် တရားလွှတ်တော် ၂၄၀' ၂၄၀' RC သုံးထပ်အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်းစီမံကိန်းတန်ဖိုး (၁၀၀၉၈) ကျပ်သန်းဖြင့် တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် ပင်မအဆောက်အဦ တည်ဆောက်ပြီးစီးမှု ၉၈ ရာခိုင်နှုန်းကျော်နှင့် အထူးအချောသပ်လုပ်ငန်းနှင့် Extra Word လုပ်ငန်းပြီးစီးမှုမှာ ၈၄ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းကို  ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ အထူးအဖွဲ့ (၁၃) မှ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တွင် စတင်တာဝန်ယူတည်ဆောက်ခဲ့ပြီး ပင်မဆောင်တည်ဆောက်ခြင်း စီမံကိန်းကို နှစ်အလိုက် ခွင့်ပြုရန်ပုံငွေ ငွေကျပ် (၈၂၂၁)သန်းဖြင့်လည်းကောင်း၊ အထူးအချောသပ်လုပ်ငန်းနှင့် Extra Word လုပ်ငန်းကို ငွေကျပ် (၁၈၇၇)သန်းဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်