မော်လမြိုင်၊ ဒီဇင်ဘာ ၁၁
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ထို့နောက် တန်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် ရိုက်ချက်အလိုက် အကောင်းဆုံး ဂေါက်သီးရိုက် အားကစားသမားဆုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာဘာ ၁၀ ရက်၊ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်း၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်မှ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမား ၁၂၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲဝင် အားကစားသမားများက ပြိုင်ပွဲပုံစံ Handicap ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ယင်းနောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်ရှိ ခေါင်းဆေးကျွန်းဆိပ်ခံတံတား တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းသို့စစ်ဆေးရာတွင် ဆိပ်ခံတံတားတည်ဆောက်ရေး တာဝန်ရှိသူမှ ခေါင်းဆေးကျွန်း ဆိပ်ခံတံတား ကွန်ကရစ်တံတား၊ Balley Bridge နှင့် ဆိပ်ခံဘော တည်ဆောက်ခြင်းလုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဆိပ်ခံတံတား ရေရှည်အသုံးပြုနိုင်ရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီစေရေး အလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ခေါင်းဆေးကျွန်းဆိပ်ခံ တံတားကို မော်လမြိုင်မြို့နယ်အတွင်းရှိ ရေလမ်းခရီးဖြင့်သာ သွားလာရသော ကျွန်းပေါ်ကျေးရွာ အုပ်စုများဖြစ်သည့် ကော့တွန်၊ ကော့စိန်၊ ကော့ပေါက် ကျေးရွာအုပ်စုမျာသို့ သွားလာမှု မြန်ဆန်စေရေးအတွက် ဆိပ်ခံတံတားအဖြစ်လည်း အသုံးပြုနိုင်ကြောင်းလည်း သိရှိရသည်။
ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)