ချောင်းဆုံ ၂၆ အောက်တိုဘာ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကွမ်လှာကျေးရွာ(အ.လ.က)ကျောင်း နှစ်ထပ်ကျောင်း ဆောင် သစ်ဖွင့်ပွဲ ပညာရေးဌာနသို့ အဆောက်အဦ လွှဲပြောင်းခြင်းနှင့် အဘစ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဦးသစ်ဖွင့်ပွဲ အခမ်းအနားတို့ကို အောက်တိုဘာ ၂၆ ရက်နေ့ က အဆိုပါ ကျေးရွာများတွင်း ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်၊ ဝန်ကြီးချုပ်ဒေါက်တာအေးဇံ နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဆရာ/ဆရာမ များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေး ဝန်ကြီးဦးမင်းကျော်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလင်းတင်ဌေးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြတို့က အဆောက်အဦးသစ်တို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်က ကျေးရွာများတွင် ယခုလိုကျောင်း ဆောင်သစ် ဆောက်လုပ်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ၏ ပညာရေးစနစ်ကိုများစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သည့်အတွက် ပြည်သူများအတွက်လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး တို့တွင် များစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်သူများကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေးအတွက် ကျေး/လက်ကျေးရွာများအထိ ဝန်ထမ်းအင်အားများ တိုးချဲ့ခန့်ထားပေးခြင်း၊ ဆေးဝါးပစ္စည်းများ လုံလောက်စွာ ရရှိစေရေးအတွက် ဖြည့်ဆည်းပေးလျှက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက အဘစ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦးအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကွမ်လှာကျေးရွာ(နှစ်)ထပ်ကျောင်းဆောင်သစ်ကိုRC နှစ်ထပ် အလျား ပေ ၁၃၀၊ အနံပေ ၃၀ ဖြင့် ကုန်ကျငွေ ကျပ်သန်းပေါင်း(၁၈၇ ဒသမ ၂)သန်းနှင့် အဘစ်ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဦးကို အလျားပေ ၃၀ အနံပေ၄၁နှင့်(၂)ခန်းတွဲ ဝန်ထမ်းအိမ်ယာ (၂၅×၃၈)ပေတို့ကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၆၃)သန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရှိရသည်။
ထူးအိမ်(ပြန်/ဆက်)


