မော်လမြိုင်၊ ဧပြီ ၂၁
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် ဧပြီ ၂၀ ရက် ညနေပိုင်းက မော်လမြိုင်မြို့ ကျောက်တန်းစက်ရုံစုတွင် တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ ဒေသတွင်း တတ်ကျွမ်းသည့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်၏ ဒေသထွက်ကုန်များဖြစ်သည့် စီးပွားရေးလုပ်ငန်းများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကုန်သွယ်စီးဆင်းမှုရှိကြောင်း၊ မွန်ရိုးရာလက်မှုပညာရပ်များကို သင်တန်းပို့ချလျက်ရှိကြောင်း၊ စက်မှုဇုန်၊ စက်ရုံစုများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများ၊ စွန့်ပစ်အမှိုက်များနှင့် စွန့်ပစ်ရေဆိုးများကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက ကြပ်မတ်ရန်လိုအပ်ကြောင်း၊ ဒေသထွက် သီးနှံများ ပေါကြွယ်ဝစွာ ထွက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်သဖြင့် ထွက်ကုန်များကို ပြည်တွင်း ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက လိုအပ်သည်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ မွန်ပြည်နယ်တွင် စက်မှုဇုန်များ၊ စက်ရုံစုများ ထပ်မံအကောင်အထည်ဖော်နိုင်ရေး၊ ဒေသထွက်ကုန်များကို ခေတ်မီနည်းစနစ်ဖြင့် ထုတ်လုပ်နိုင်ရေး အလေးပေး ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်စက်ရုံစုအတွင်း အမှုန့်ကြိတ်စက်ရုံနှင့် အခြားစက်ရုံလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်(ပြန်ဆက်)


