မော်လမြိုင် ဖော်ဖော်ဝါရီ ၁၁

 

မွန်ပြည်နယ် အစိုးရအဖွဲ့က စီမံခန့်ခွဲလျက်ရှိသော ဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မွန်ပြည်နယ်ဥပဒေချုပ်ရုံး၌ ပြုလုပ်သည်။

 

အစည်းအဝေးတွင် မွန်ပြည်နယ် ဥပဒေချုပ် ဦးမြင့်အောင်က မွန်ပြည်နယ်အစိုးရအဖွဲ့က စီမံခန့်ခွဲလျက်ရှိသော ဥပဒေများအနက် လတ်တလော ပထမဦးစားပေးပြင်ဆင်ရန် လိုအပ်သည့် ဥပဒေငါးခုအား ပြင်ဆင်နိုင်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိမှုတို့ကို ပြောကြားပြီး အစည်းအဝေး တက်ရောက်လာသူများက ဌာနအလိုက် ကိုင်တွယ်ကျင့်သုံးလျက်ရှိသည့် ဥပဒေများနှင့်စပ်လျဉ်း၍ ပြင်ဆင်ရန် လိုအပ်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဥပဒေချုပ်က သိလိုသည်များကို မေးမြန်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

အစည်းအဝေးသို့ ဥပဒေများ ပြင်ဆင်ရန်တင်ပြထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဥပဒေအရာရှိနှင့် ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ တက်ရောက်ကြသည်။

 

စည်သူ(ပြန်/ဆက်)