မော်လမြိုင် ဒီဇင်ဘာ ၂၉
ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး တည်တံ့ခိုင်မြဲရေး၊ သာသနာတော်၏ အခြေခံအုတ်မြစ် ဖြစ်တော်မူသည့် ပရိယတ္တိသာသနာတော်တည်တံ့အောင် ရွက်ဆောင်တော်မူကြသည့် ပရိယတ္တိ ဝန်ဆောင်သာသနာ့ အာဇာနည်အရှင်သူမြတ်များ အစဉ်ပေါ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၁)ကြိမ်မြောက်စူဠဘွဲ့နှင်းသဘင် အခမ်း အနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီး၌ကျင်းပရာ အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မော်လမြိုင်မြို့ သာသနာ့မာန်အောင်ဝဲပျံစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် (မဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသ အရှင်သူမြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ပင့်သံဃာဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ၂ဝ၂၃ ခုနှစ်၊ မော်လမြိုင်စာဖြေဌာနမှ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူခဲ့သော စာအောင် သံဃာတော်များနှင့် သီလရှင်များအား စာအောင်လက်မှတ်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ အလှူရှင်များက ဆရာတော်ကြီး များနှင့် စာအောင်သံဃာတော်၊ သီလရှင်ဆရာလေးများအား ဆွမ်းဆန်စိမ်းများ လောင်းလှူလှူဒါန်း ခဲ့ကြသည်။
၂၀၂၃-ခုနှစ်၊ မော်လမြိုင်စာဖြေဌာနမှ ဓမ္မာစရိယစာအောင် သံဃာတော် (၅၁)ပါး၊ သီလရှင် (၂)ပါး စုစုပေါင်း (၅၃)ပါးနှင့် ပထမပြန် စာအောင်သံဃာတော် (၈၁၁)ပါး၊ သီလရှင် (၇၁)ပါး၊ စုစုပေါင်း (၈၈၂)ပါး၊ စာအောင် သံဃာတော်နှင့် သီလရှင်စုစုပေါင်း (၉၃၅)ပါး အောင်မြင်တော်မူခဲ့ကြကြောင်း သိရသည်။
သက်နိုင်(မော်လမြိုင်)