သထုံ    ၁၇   မေ    

 

သထုံမြို့နယ်အတွင်း စားသောက်ရိက္ခာ အခက်အခဲဖြစ်နေသည့် တိုင်းရင်းသားကျေးရွာသုံးရွာကို မေလ ၁၆ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်နှင့် တာဝန်ရှိသူတို့က အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ပဲတို့ကိုအခမဲ့ လာရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ၌ အလုပ်အကိုင်များရပ်နားထားရပြီး စားသောက်ရိက္ခာအခက်အခဲဖြစ်နေကြသည်ကို သိရှိရသောကြောင့် နယ်မြေတာဝန်ခံဝန်ကြီးအနေဖြင့် ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးက ပြောသည်။

 

"အမှန်တကယ် ခက်အခဲဖြစ်နေတာကို သိရင်အစိုးရအဖွဲ့အနေနဲ့ တတ်နိုင်တဲ့အင်အားနဲ့ မလွဲမသွေ ထောက်ပံ့ ပေးသွားမယ်" ဟု ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးက ပြောသည်။

 

သထုံမြို့နယ်အတွင်း ကရင်တိုင်းရင်းသားအများစုနေထိုင်သည့် ဓနုကျေးရွာ၊ ဓါးရိုးကျေးရွာနှင့် မရမ်း ကျေးရွာတို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်အိတ်ပေါင်း ၂၈၀၊ ဆီတစ်လီတာဘူး ၂၀၈ ဘူး၊ ပဲ ၁၀၄ ပိဿာတို့ကို အခမဲ့ထောက်ပံ့ပေးခဲ့ကြသည်။

 

ယင်းသို့ သွားရောက်ထောက်ပံ့ရာတွင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် အတူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပရဟိတလူမှုကူညီရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ်ရေး ပညာပေးဆွေးနွေးခြင်း၊ Mask များဝေငှ တပ်ဆင်ပေးခြင်း၊ ပညာပေးပိုစတာများ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

 

အဆိုပါထောက်ပံ့မှုသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ သထုံမြို့နယ်အတွင်း ဒုတိယအကြိမ်ထောက်ပံ့ပေးမှုဖြစ်ပြီး  ကျေးရွာစုစုပေါင်း ၆ ရွာမှ လူဦးရေပေါင်း ၅၀၀၀ နီးပါးအတွက် တစ်လစာ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပြီးဖြစ်ကြောင်း ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးထံမှ သိရသည်။

 

သက်ဦး(သထုံ)