နေပြည်တော်၊ စက်တင်ဘာ ၁၁

 

ဘုရားကြီး - ကျိုက်ထို - မော်လမြိုင်လမ်းသည် ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်ရေးတွင် အရေးပါသော လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ယခု (၃၆ပေ) ပြီးစီးနေ၍ ဆက်လက်ပြီး (၄၈ပေ) ချဲ့၍ရသော လမ်းပိုင်းအား ဆောင်ရွက်ပေးရန်၊ တံတားများတိုးချဲ့ရန်နှင့် အသစ်တည်ဆောက်ရန် ကိစ္စရပ်များအား တံတားဦးစီးဌာနနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က မှာကြားသည်။

 

ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော ဘုရားကြီး-ကျိုက်ထို- မော်လမြိုင်လမ်း (ဘုရားကြီး-ကျိုက်ထို) လမ်းပိုင်း အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းမကြီးအပိုင်းတွင် ပါဝင်သည့် ကျိုက်ထိုမြို့ရှောင်လမ်း (၂ ကီလိုမီတာ မှ ၃ ဒသမ ၈၃၃ ကီလိုမီတာ) အထိ ကတ္တရာကွန်ကရစ် (AC) ခင်းပြီးမှုနှင့် Well-Graded ခင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကျိုက်ထိုမြို့ရှောင်လမ်း အပိုင်းသည် အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးတွင် ပါဝင်သည့်အတွက် အရေးကြီးပါကြောင်း၊ (၄) လမ်း သွား လမ်းသစ်ဖြစ်ရန် လမ်းအင်္ဂါရပ်နှင့်အညီ အရည်အသွေးပြည့်မီအောင် ဆက်လက်လျာထား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြို့ရှောင်လမ်းပြီးစီးပါက မြို့တွင်းယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းပြီး ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

 

mdn

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းထွန်းနှင့်အတူ မော်လမြိုင်မြို့တွင် မွန်ပြည်နယ် တရားလွှတ်တော်ရုံး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့က တရားလွှတ်တော်ရုံးအ င်္ဂါရပ်နှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ လက်ရာသေသပ် ကောင်းမွန်ရန်နှင့် ခိုင်ခံ့အောင် အထူးအလေးထား ဆောင်ရွက်ရန်၊ အဆောက်အဦ တည်ဆောက်ရေးမှတ်တမ်းများ ပြုစု၍ စနစ်တကျလွှဲပြောင်းပေးရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တရားလွှတ်တော်ရုံး အခန်းဖွဲ့စည်းမှု၊ အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ခြံစည်းရိုး ဆောင်ရွက်နေမှု၊ လွှတ်တော်အဆောက်အဦ မျက်နှာစာ လှပစေရေးအတွက် မြေယာရှုခင်း ဆောင်ရွက်မည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေနှင့်အတူ ဒေသခံနှင့် ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန် ဖွင့်လှစ်ပေးခဲ့သည့် ကျိုက်မရော - စံပယ်ဂူ - ကော့ပနောလမ်းပေါ်ရှိ အတ္ထရံတံတား (စံပယ်ဂူ) အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

အတ္ထရံတံတား (စံပယ်ဂူ) နှင့် ဆက်စပ်လမ်းများ တည်ဆောက်ပြီးသည့်အတွက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္ထရံမြစ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာအုပ်စု (၃၁) အုပ်စု၊ ကျေးရွာပေါင်း (၉၇) ရွာနှင့် အတ္ထရံမြစ် အနောက်ဘက်ခြမ်း ကျိုက်မရောမြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃) အုပ်စု၊ ကျေးရွာပေါင်း (၆၁) ရွာမှ ဒေသခံပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာပြီး ကျိုက်မရောမြို့မှတဆင့် မော်လမြိုင်မြို့သို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည့်အတွက် ဒေသနေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

 

ထို့ပြင် မော်လမြိုင်-ကျိုက်မရော မြို့မှတဆင့် တရနာ - ဘုရားကုန်းလမ်းသို့ ဆက်သွယ် သွားလာနိုင်မည်ဖြစ်သည့်အပြင် မုဒုံ - မြဝတီလမ်းမှတဆင့် ကြာအင်းဆိပ်ကြီးမြို့သို့ လည်းကောင်း၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့များသို့လည်းကောင်း ဆက်သွယ်သွားလာနိုင်မည် ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးကိုလည်း အထောက်အကူဖြစ်သည့်အပြင် ကုန်စည်စီးဆင်းမှုများ ပိုမိုသွက်လက်မြန်ဆန် လာမည်ဖြစ်ပါကြောင်း သိရသည်။

 

သတင်းစဉ်