မော်လမြိုင်  ၉  အောက်တိုဘာ     

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပက်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သတင်း မီဒီယာများ တက်ရောက်ခဲ့ကြသည်။

 

သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက်ပြီး စတင်ဖြစ်ပွားသည့်နေ့ကတည်းက ယနေ့အချိန်ထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်ရေးနဲ့ ပြည်နယ်အတွင်းမှ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ပိုမိုတင်းကြပ်စွာထိန်းချုပ်နိုင်ရေးအတွက် ယခုလ ၄ ရက်နေ့မှစတင်ကာ မွန်ပြည်နယ် အဝင်ဖြစ်သော ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားထိပ်၊ သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ဒုံသမိတံတားနှင့် ရေးမြို့နယ်အဝင်ရှိ စစ်ဆေးရေးစခန်းတို့တွင် COVID-19 Antigen Rapid Test Kit ဖြင့် ပြည်နယ်အတွင်း ဝင်ရောက်လာသူများအားလုံးကို စစ်ဆေးနေကြောင်း၊ မွန်ပြည်နယ်အတွင်းသို့ အခြားမည်သည့် ဒေသမှဖြစ်စေ ဝင်ရောက်လာမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ အရင်ဆုံးစစ်ဆေးမှုခံယူပြီး Quarantine  ဝင်ရမည်ဖြစ်ကြောင်း၊ Quarantine ဝင်ရောက်ပြီးမှသာ သွားလာခွင့်ကို ခွင့်ပြုသွားမည်ဖြစ်ပြီး ယခုလိုပြုလုပ်ရခြင်းမှာ မိမိတို့ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ပျံ့နှံ့မှုမရှိအောင် ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

mon

 

ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက မွန်ပြည်နယ်အတွင်း (CBFQ)စခန်း စုစုပေါင်း(၂၁၂)ခု ဖွင့်လှစ်ထားခဲ့ရာ အဆိုပါ စခန်းများတွင် အောက်တိုဘာ ၈ ရက်နေ့အထိ ထိုင်းနိုင်ငံမှ နေရပ်ပြန်၊ ရန်ကုန်နှင့် ရခိုင်မှပြန်လာသူ စုစုပေါင်း (၃၄၇၆၁)ဦးထားရှိခဲ့ကြောင်းနှင့် ၎င်း(CBFQ)စခန်းများတွင် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က လက်ရှိအတည်ပြုလူနာ များအား ဆေးကုသဆောင်ရွက်နေမှု အခြေအနေနှင့် မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှ အောက်တိုဘာ ၈ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၆၅ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ ၂၄၄ ဦး၊ ဆေးကုသခွင့် ခံယူနေသူ ၁၁၂ ဦး၊ သေဆုံးသူ ၈ ဦးနှင့် ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းဆေးကုသမှုခံယူသူ ၁ ဦးရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

 

ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ၊ (CBFQ)စခန်းများနှင့် ဆေးဝါးအသုံးစရိတ် များအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ငွေကျပ် စုစုပေါင်း(၁.၅၁) ဘီလီယံ သုံးစွဲထားပြီးဖြစ်ကြောင်းနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဖို့အတွက်  လူတစ်ဦးချင်းက အဓိကအချက် သုံးချက်ဖြစ်သည့် အပြင်ထွက်တိုင်း Mask တပ်ရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရန်၊ မကြာခဏလက်ဆေးရန် ဒီအချက်များကို အထူးလေးစားလိုက်နာမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်မှာဖြစ်ပါကြောင်း ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

 

 

 

057.2027073