မော်လမြိုင် စက်တင်ဘာ ၁၃

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးကော်မတီဝင်များ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အစုလိုက်အပြုံလိုက် ရောဂါပိုးမတွေ့ရှိရသေးသော်လည်း ရောဂါပိုးတွေ့ရှိနှုန်း တဖြည်းဖြည်း မြင့်တက်လာနေတာကို တွေ့ရှိလာရသည့်အတွက် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကူးစက်နေမှုကို တွေ့ရှိနေရသောကြောင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု လွှမ်းခြုံမှုနှုန်း (၁၀၀)ရာခိုင်နှုန်းနီးပါး ထိုးနှံပြီး ဖြစ်သော်လည်း မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး Omicron နှင့် ၎င်း၏ မျိုးစိတ်အသစ် ရောဂါပိုးများအန္တရာယ်မှ ကာကွယ်နိုင်စွမ်း မြင့်မားစေရန် ထပ်ဆောင်းကာကွယ်ဆေးထိုးခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ လူစုလူဝေးဖြင့် အသွားအလာများသည့် နေရာများနှင့် လူအများစုဝေးရာနေရာများတွင် Mask မဖြစ်မနေ တပ်ဆင်ရေးအတွက် Mask Campiagn လုပ်ငန်းများကို မြို့နယ်အတွင်း သတ်မှတ်ထားသည့် ရက်များအလိုက် အပတ်စဉ် ဆောင်ရွက်သွားဖို့လိုသလို ရောဂါကူးစက်မှုမရှိစေရေး ထုတ်ပြန်ထားတဲ့ စည်းကမ်းများကို ပြည်သူတစ်ဦးချင်း သိရှိလိုက်နာစေရေး အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ရုံး/ ဌာနများအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာများ လိုက်နာဆောင်ရွက်ကြရန်နှင့် ကြိုတင် စီစဉ်ဆောင်ရွက်ထားရမည့် အချက်များကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး အစုလိုက် အပြုံလိုက်ကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ ရောဂါပိုးတွေ့ရှိလာပါကလည်း တုံ့ပြန်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးသွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး ကော်မတီဝင်များမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားရှိမှု၊ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေမှု၊ အသိပညာပေးလုပ်ငန်းများနှင့် ကုသရေးဆေးရုံ၊ ကုသရေး Center နှင့် Quarantine Centre များ၊ လိုအပ်သည့် Oxygen များရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မွန်ပြည်နယ်အတွင်း လူဦးရေ (၂၂)သိန်းကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံရမည့် (၁၈)နှစ်အထက် လူဦးရေ (၁၂၃၃၇၉၄)ဦးရှိသည့်အနက် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံနိုင်သည့် ဦးရေ (၁၈၇၀၅၁)ဦးအား ချန်လှပ်၍ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၁၀၄၆၇၄၃)ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ (၉၇၆၄၈၉)ဦး၊ Booster (3 rd Dose) ထိုးနှံပြီးစီးသူ (၂၉၀၇၄၉)ဦး၊ Booster (4 th Dose) ထိုးနှံပြီးစီးသူ (၁၅၈၉၇)ဦး ထိုးနှံပြီးစီးခဲ့ပြီး အလားတူ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းကာကွယ်ဆေး ထိုးနှံရမည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ လျာထားဦးရေ (၂၅၅၅၆၂)ဦးအား ပထမအကြိမ် (၂၄၅၃၄၃)ဦး၊ ဒုတိယအကြိမ် (၂၃၅၄၇၃)ဦး၊ အသက် (၁၂)နှစ် အထက်မှ (၁၈)နှစ်အတွင်း ကာကွယ်ဆေးထိုးနှံရမည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ လျာထားဦးရေ (၄၆၁၂၄)ဦးအား ပထမအကြိမ် (၄၅၁၅၉)ဦး၊ ဒုတိယအကြိမ် (၄၃၂၉၇)ဦး ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ခရိုင် ပြန်/ဆက်)