နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားဥပဒေများ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ပြည်နယ် အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်နှင့် အလုပ်သမားရေးရာဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တက်ရောက်ကြသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား‌ပြောကြားပြီး ဒုတိယဝန်ကြီးက မြန်မာလုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားဥပဒေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာ ဥပဒေများနှင့်အညီအစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေ ရန်မျှော်မှန်းချက်ချထားပြီး မြန်မာနိုင်ငံတွင် အရည်အချင်း ပြည့်ဝသည့် လုပ်သားအင်အားထုဖွံ့ဖြိုး တိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်များ ပိုမိုဖန်တီးပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ကြောင်း၊ မွန်ပြည်နယ်အတွင်း လျှပ်စစ်တပ်ဆင်မှု ကျွမ်းကျင်၊ အဆောက်အဦလက်သမား၊ အုတ်စီလုပ်သား၊ ရာဘာအစေးခြစ်လုပ်သား၊ သံချည်သံကွေးလုပ်သား၊ ဟိုတယ်စားပွဲထိုးဝန်ထမ်း၊ အိပ်ခန်းဆောင် ဝန်ထမ်းအလုပ်အကိုင်များအတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းကို ၂၀၁၄ ခုနှစ်မှ ယနေ့အထိဖြေဆိုသူ (၁,၀၃၄) ဦးအနက်  အရည်အသွေးပြည့်မီသူ (၉၈၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အုတ်စီလုပ်သား၊ အဆောက်အဦလက်သမား၊ လျှပ်စစ်လုပ်သားကျွမ်းကျင်၊ ရာဘာအစေးခြစ်လုပ်သား၊ သံချည်သံကွေးလုပ်သား၊ ဂဟေဆက်လုပ်သားများအတွက် စစ်ဆေးအကဲဖြတ်ရေးဌာန (၃) ခုကို အသိအမှတ် ပြုထားပြီးဖြစ်၍ အလုပ်အကိုင်အမျိုးအစား အလိုက်ကျွမ်ကျင်းမှု စစ်ဆေးအကဲဖြတ်မှုများ ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အဓိကလိုအပ်သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် MSME လုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း။

အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ် (EC) စာချုပ်ချုပ်ဆိုခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများသည် အလုပ်သမားရေးရာ ဥပဒေပါခံစားခွင့်များကို သိရှိနားလည်၍ အငြင်းပွားမှု လျော့နည်းစေပြီး လုပ်ငန်းခွင်တည်ငြိမ် အေးချမ်း၍ ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်လာနိုင်ခြင်း၊ အငြင်းပွားမှု မဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်ခြင်း၊ အငြင်းပွားမှုဖြစ်ပွားပါက အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (Workplace Coordinating Committee-WCC) အဖွဲ့မှ EC စာချုပ်ဖြင့် ဖြေရှင်း ဆောင်ရွက်ပေးနိုင်သဖြင့် နှစ်ဦးနှစ်ဖက်ရာနှုန်းပြည့်ချုပ်ဆိုရန် လိုအပ်ကြောင်း၊ ကျွမ်းကျင်လုပ်သားမွေး ထုတ်ပေးနိုင်ရေး ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်