မော်လမြိုင် နိုဝင်ဘာ ၂

 

မွန်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါး ထိခိုက်ပျက်စီး ပြန်လည်စိုက်ပျိုးမည့် စိုက်ဧကများအပေါ် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲကို နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးသီးနှံသည် ဆန်စပါးဖြစ်၍  မွန်ပြည်နယ်အနေဖြင့် ပြည်နယ်လူဦးရေအရ ဆန်စပါးဖူလုံမှုရှိပြီး အခြားတိုင်းဒေသကြီး/ ပြည်နယ်များအတွက် ထောက်ပံ့ပေးနိုင်ကြောင်း၊ ထို့ကြောင့် စပါးစိုက်တောင်သူများအနေဖြင့် လိုအပ်သည့်  မျိုးကောင်း၊ မျိုးသန့်များ၊ စိုက်ပျိုးရေးသွင်းအားစုများတွင် ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည်များ ကူညီပံ့ပိုးထောက်ပံ့ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ၊ သိပ္ပံနည်းကျခေတ်မီနည်းစနစ်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပြည်တွင်းရိက္ခာ ပိုလျှံမှုများအပြင် ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သထုံခရိုင်နှင့် မော်လမြိုင်ခရိုင် အတွင်းရှိ   မြို့နယ်များအလိုက် တောင်သူများကိုယ်စား တက်ရောက်ကြသည့် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မိုးစပါးစိုက်ပျိုးမှုအပြင် ဆောင်းသီးနှံနှင့် နွေစပါးများအား တိုးချဲ့စိုက်ပျိုးကြရေး၊ ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးရာတွင် အချိန်မီဆောင်ရွက်ပေးမည်ဖြစ်၍ တောင်သူများ၏ ကြိုးစားအားထုတ်မှုကြောင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။

 

ထောက်ပံ့ပေးအပ်ရာ၌ ကျိုက်မရောမြို့နယ်တွင် ပြန်လည်စိုက်ပျိုးမည့်ဧက ၄၀၃၈ ဧကရှိ တောင်သူများအတွက် ယူရီးယားဓာတ်မြေသြဇာ ၄၀၃၈ အိတ်၊  မိုးစပါးထိခိုက်ပျက်စီး၊ ပြန်လည်စိုက်ပျိုးမည့် တောင်သူများကို ယူရီးယားဓာတ်မြေဩဇာအိတ် ၃၀၂၆ အိတ်အား လည်းကောင်း၊ အလားတူ သထုံမြို့နယ်အတွက် ပြန်လည်စိုက်ပျိုးမည့် ဧက ၄၁၉၀ ရှိ တောင်သူများအတွက် ယူရီးယားဓာတ်မြေသြဇာ ၄၁၉၀ အိတ်၊ မိုးစပါးထိခိုက်ပျက်စီး၊ ပြန်လည်စိုက်ပျိုးမည့် တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာအိတ် ၂၅၄၀ အိတ် စုစုပေါင်း ၁၃၇၉၄ အိတ်အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)