မော်လမြိုင်  ၁၀  နိုဝင်ဘာ 

 

အစိုးရရုံးပိတ်ရက်နှင့် တန်ဆောင်တိုင်ကာလ ပွဲတော်များကြောင့် မွန်ပြည်နယ်အတွင်းရှိ အထင်ကရ နေရာများနှင့် တန်ခိုးကြီးဘုရားများသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများ၊ လာရောက် လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

 

"ပိတ်ရက်တွေက များတဲ့အပြင် မွန်ပြည်နယ်က တန်ခိုးကြီးဘုရားတွေက အများကြီးရှိတယ်။ ရာသီဥတုကလည်း ခရီးသွားလို့ကောင်းတဲ့အနေအထားရှိတယ်ဆိုတော့ လာရောက်သူများပါတယ်။ ကျိုက္ခမီရေလယ်ဘုရားမှာ ပိတ်ရက်ဆိုတော့ ဘုရားဖူး ထောင်နဲ့ချီလာရောက်ပါတယ်။ အခမဲ့ တည်းခိုနိုင်ဖို့ စီစဉ်ထားသလို ဈေးသက်သက်သာသာနဲ့ တည်းခိုနိုင်တဲ့ အခပေးအဆောင်တွေလည်း စီစဉ်ထားပေးတယ်။ ဘရားဖူး express ယာဉ်ကြီးတွေတင် တစ်ရက်ကို အစီး ငါးဆယ်လောက် ရောက်လာကြတယ်" ဟု ဘုရားဝင်းအတွင်း ဒေသထွက်ကုန်ရောင်းချသူတစ်ဦးကဆိုသည်။

 

မုဒုံမြို့နယ်ရှိ ဝင်းစိန်ဆရာတော်ကြီး စံကျောင်းနှင့် လျောင်းတော်မူဘုရားကြီး ကိန်းဝပ်စံပယ်ရာ ဝင်းစိန်တောရသို့လည်း ဘရားဖူးကားကြီးအစီးရေ ငါးဆယ်ကျော်နှင့် ယာဉ်ငယ်အစီး တစ်ရာကျော် လာရောက်လည်ပတ်ခဲ့‌ကြောင်း ဒေသခံများထံမှ သိရသည်။

 

သံဖြူဇရပ်မြို့နယ် သေမင်းတမံရထားလမ်း အထိမ်းအမှတ်ပြတိုက်တွင်လည်း ဝင်ရောက်လေ့လာသူ များဖြင့် စည်ကားလျက်ရှိသည်။ မော်လမြိုင်မြို့ရှိကျိုက်သလ္လံစေတီ၊ ဆံတော်ရှင်ဦးဇိနစေတီစသည့် တန်ခိုးကြီးဘုရားများတွင်လည်း ဘုရားဖူးများစည်ကားလျက်ရှိသကဲ့သို့ ကျိုက်သလ္လံစေတီတော်နှင့် ကျိုက်မရောဘုရားမသိုးသကန်းဆက်ကပ်ပွဲတော်များကိုလည်း ယနေ့တွင်စတင်ကျင်းပလျက်ရှိပြီး ခရီးသွားများ ဝင်ရောက်မှုများပြား‌ကြောင်း သိရသည်။

 

သိမ့်သိမ့်မိုး (မြန်မာ့အလင်း)