နေပြည်တော် ဇန်နဝါရီ ၁၈

မွန်ပြည်နယ်၊ မြို့နယ်များအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၄၁ ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၄၅ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက် ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။ ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှုအခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ ဖူးမြော်လေ့လာကြသည်။ ထို့နောက် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပခဲ့သည့် မဟာမင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့သော ပစ္စည်းများ၊ မာရဝိဇယဆင်းတုတော်ကြီးအား အစိတ်အပိုင်းလေးပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော်ကြီးပုံစံငယ်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးလက်ရာပုံစံငယ်များနှင့် မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ အခြားသာသနိက အဆောက်အအုံများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် ဂေါပကအဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများကို ယခုလိုကြားသိခဲ့ရပါသည် -

ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦး

ကျွန်တော်တို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စီစဉ်ပေးမှုကြောင့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးအပါအဝင် မွန်ပြည်နယ်မှာရှိတဲ့ တန်ခိုးကြီးဘုရား ၁၀ ဆူရဲ့ ဂေါပကတွေကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရအောင်၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့၏ စီမံခန့်ခွဲမှုကို လေ့လာအတုယူလို့ရအောင် စီမံဆောင်ရွက်ပေးတဲ့ အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ ကမ္ဘာမှာ ဉာဏ်တော်အရသော်လည်းကောင်း၊ အလေးချိန် အရသော်လည်းကောင်း အခြားဘုရားများနဲ့မတူအောင် ထူးခြားစွာ ထုဆစ်တည်ထားတာကို လေ့လာမြင်တွေ့ခဲ့ရပါတယ်။ ထုဆစ်တည်ဆောက်ထားတဲ့နေရာမှာ မြန်မာမှုလက်ရာပညာတွေ၊ ပုဂံခေတ်လက်ရာများ၊ ရတနာပုံလက်ရာတွေနဲ့ပါ အထူး လှပနေအောင် ဆောင်ရွက်ထားတာကိုလည်း ကိုယ်တိုင်ကိုယ်ရောက် လာရောက်ပြီးတော့ လေ့လာခွင့်၊ ဖူးမြော်ကြည်ညိုခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ထူးခြားအံ့ဖွယ်ဆိုတာ မြန်မာမှုသာမက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုနဲ့၊ စာပေနဲ့ ဘာသာရဲ့ယဉ်ကျေးမှုတွေကိုပါ အကုန်လုံး ဖော်ကျူးထားပြီးတော့ ကမ္ဘာမှာ ထေရဝါဒဗုဒ္ဓဘာသာရဲ့ ဗဟိုချက်ဖြစ်တဲ့ မြန်မာနိုင်ငံကြီးကို ထေရဝါဒ အထွန်းကားဆုံး နိုင်ငံတစ်ခုအဖြစ်နဲ့ ဖော်ကျူးထားတဲ့လက်ရာတွေကို ပို၍ပို၍ပေါ်လွင်အောင် ဖော်ပြတဲ့ ဘုရားကြီးဖြစ်တဲ့အတွက်ကြောင့် အခုလို ဖူးမြော်ကြည်ညိုခွင့်ရတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိတဲ့ နိုင်ငံတော်အကြီးအကဲများနဲ့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များကို  အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦး

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြတဲ့ မွန်ပြည်နယ်အတွင်းရှိ တန်ခိုးကြီး ဘုရားကြီးများတွင် တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များအနက် ကျွန်တော်ကတော့ ကျိုက်မရောမြို့ ဆုတောင်းပြည့်မြတ်စွာဘုရားကြီးက ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်ပဲ ဖြစ်ပါတယ်။ အခုလို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော် ကြည်ညိုခွင့်ရအောင် မွန်ပြည်နယ်အစိုးရအဖွဲ့က အထူးစီစဉ်ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် လွန်စွာမှ ကျေးဇူးတင်ရှိပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ဖို့ စတင်ဆောင်ရွက်တဲ့ စကျင်ကျောက်တော်ကြီး စတင်သယ်ယူခဲ့သည်မှ ဗုဒ္ဓါဘိသေန အနေကဇာတင် အခမ်းအနားဆောင်ရွက်သည်အထိ ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို မြဝတီရုပ်မြင်သံကြားမှ ကြည့်ရှုခဲ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ မာရဝိဇယဘုရားကြီးကို ဖူးမြော်ချင်စိတ်ဖြစ်ခဲ့ရပါတယ်။ အခုလို နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေရဲ့ စီစဉ်ပေးမှုကြောင့် ဒီနေ့လာရောက်ဖူးမြော်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အခုလို အံ့မခန်းလှတဲ့ ဘုရားကြီးကို ကိုယ်တိုင်မြင်တွေ့ ဖူးမြော်ခဲ့ရတဲ့အတွက်ကြောင့် နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေကို အထူးပဲ ကျေးဇူးတင်မိပါတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။ အခုလို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ကုသိုလ်ပြု ပါဝင်လှူဒါန်းကြသော အလှူရှင်များ၏ စေတနာ၊ သဒ္ဓါ တရားတို့ကိုလည်း လေးစား မြတ်နိုးတန်ဖိုးထားပါကြောင်း ကျွန်တော့်အနေနဲ့ လေးစားစွာ ပြောကြားလိုပါတယ်။

ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦး

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေရဲ့ စီစဉ် ပေးမှုကြောင့် ၁၀ မြို့နယ်မှာရှိတဲ့ ဘုရားစေတီများမှ ဂေါပကတွေ အခုလို လာရောက်ပြီးတော့ ဖူးမြော်ခွင့်ရတာ ဖြစ်ပါတယ်။ ဒီနေ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရောက်တော့ မူလ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်တကွ နဂါးရုံဘုရား၊ ကျောက်စာရုံစေတီများ၊ သာသနိကအဆောက်အအုံ၊ ဗိမာန်တော်ကြီးနဲ့ အခြားသော ထူးခြားတဲ့နေရာတွေကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှ တာဝန်ရှိသူတွေရဲ့ အစီအစဉ်နဲ့ စိတ်အေးချမ်းစွာ ဖူးမြော် ကြည်ညိုခဲ့ရပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ဖို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်တဲ့နေရာမှာ မြန်မာပြည်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံးရဲ့ သဒ္ဓါတရားစစ်စစ်နဲ့ အားသွန်ခွန်စိုက်ဆောင်ရွက်ဖို့ အားလုံးမှာ တာဝန်ရှိတဲ့အကြောင်း ပြောကြားလိုပါတယ်။

သတင်းစဉ်