ကျောက်ဆည် ၁၇ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင် ဦးဆောင်မှုဖြင့် ဆရာ/ဆရာမများ၊ ကျောင်းသူများ ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်းရှိ သဘာဝဘေးသင့် ပြည်သူများအတွက် အလှူငွေများနှင့် ပစ္စည်းများအား ဩဂုတ် ၁၇ ရက် ညနေ ၅ နာရီက စုရပ်မှ စတင်ထွက်ခွာကာ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ် ဒေသအချို့တွင် သဘာဝဘေးကျရောက်နေသည့်အတွက် စားသောက်နေထိုင်ရေး အဆင်ပြေစေရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီပံ့ပိုးနိုင်ရေး ပါမောက္ခချုပ်ကြီးနှင့်တိုင်ပင်ပြီး ခွင့်ပြုချက်ရယူကာ ကျောင်းသား/ကျောင်းသူများနဲ့အတူ မန္တလေးမြို့တွင် (၃) ရက်ကြာ အဓိကအလှူခံပြီး ရရှိလာသည့် ငွေကြေးများ၊ ပစ္စည်းများကို သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ပါမောက္ခ၊ ဒေါက်တာမင်းမင်းစိုး၏ ပြောကြားချက်အရ သိရှိရသည်။
သွားရောက်လှူဒါန်းမည့် ပစ္စည်းများမှာ ခြုံစောင် (၁၁၀ဝ) ထည်၊ ခြင်ထောင် (၁၁၀ဝ) ထည်နှင့် ကျား၊ မ အရွယ်စုံဝတ် အဝတ်အထည်မျိုးစုံ (၁၂) ဘီးကား တစ်စီးစာ၊ အခြား ဆန်၊ ဆီ၊ ဆား၊ အချိုရည်မျိုးစုံနှင့် မုံမျိုးစုံများအပြင် အလှူငွေများလည်းပါဝင်ကာ စုပေါင်းခန့်မှန်းတန်းဖိုး လှူဒါန်းငွေ ကျပ်သိန်း (၄၁၅) သိန်းခန့်ရှိကြောင်း၊ ၎င်းပစ္စည်းများကို မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ချိတ်ဆက်ပြီး ရေးမြို့နယ်နှင့် ကျိုက်မရောမြို့နယ်အတွင်းရှိ သဘာဝဘေးသင့် ပြည်သူများအား လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည် ခရိုင် (ပြန်/ဆက်)


