မွန်ပြည်နယ် ဇွန် ၂၅
မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇွန် ၂၁ ရက်မှ ယနေ့ထိ ငါးရက်ကြာ ဖွင့်လှစ်သင်ကြားသည့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း သင်တန်းဆင်းပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမောင်က အမှာစကားပြောကြားခဲ့ပြီး သင်တန်းသင်ကြားရခြင်း အကျိုးကျေးဇူးအား သင်တန်းသူတစ်ဦးက ရှင်းလင်း ပြောကြားခဲ့သည်။
သင်တန်းတွင် ပြည်နယ်အခွန်ဦးစီးဌာန၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ပင်စင်ဦးစီးဌာန၊ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်ဗဟိုစာရင်းအင်း အဖွဲ့ရုံးများမှ သင်တန်းနည်းပြများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ယခု သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဦးစီးဌာန၏ ငွေစာရင်းထိန်းသိမ်းနည်း၊ စီမံကိန်းနှင့် စာရင်းအင်းဆိုင်ရာ အရေးပါမှု၊ စာရင်းစစ်ကန့်ကွက်ချက် လျော့နည်းစေရေး၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက် နိုင်စေခြင်း၊ ပင်စင်ခံစားမှုနှင့် ဝန်ထမ်းရေးရာ အချက်အလက်များ ထိန်းသိမ်းခြင်းဆိုင်ရာများကို သိရှိနားလည် စေပြီး ဦးစီးဌာနမှ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေစာရင်းများ စနစ်တကျ ထိန်းသိမ်းနိုင်ရေး အတွက် အထောက်အကူ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ဟန်မင်း


