မော်လမြိုင် သြဂုတ် ၇
မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၌ ဆားထုတ်လုပ်မှုဧက ၄၇၀၀ မှ ဆားတန်ချိန် ၄၅၀၀၀ ကျော် ထွက်ရှိကာ ပြည်တွင်းဆား စားသုံးမှု လုံလောက်စွာရရှိသည့်အပြင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
မွန်ပြည်နယ်တွင် ဆားထုတ်လုပ်မှုရာသီသည် နှစ်စဉ် ဒီဇင်ဘာလမှ စတင်၍ ဧပြီလတွင် မိုးရွာသွန်းပါက ခေတ္တရပ်နားကာ မိုးရွာသွန်းမှုမရှိပါက မေလကုန်အထိ လုပ်ကိုင်ဆောင်ရွက်ကြသည်။ ဆားများကို ပင်လယ်အငွေ့ပြန်ခြင်းစနစ်ဖြင့် ထုတ်လုပ်ကြရာ ပင်လယ်နှင့်ဆက်စပ်လျက်ရှိသည့် သံဖြူဇရပ်၊ ရေး၊ ပေါင်မြို့နယ်တို့တွင် လုပ်ကိုင်ကြသည်။ မွန်ပြည်နယ်ရှိ ဆားလုပ်ငန်းရှင် ၉၀ မှ ထုတ်လုပ်သည့် ဆားများကို မွန်၊ ကရင်၊ တနင်္သာရီနှင့် မန္တလေးသို့ တင်ပို့ရောင်းချလျက်ရှိပြီး နိုင်ငံတကာစျေးကွက်အထိ တင်ပို့နိုင်ပါက ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိလာမည့်အပြင် နိုင်ငံခြားဝင်ငွေများလည်း ရရှိစေမည်ဖြစ်သည်။
မွန်ပြည်နယ်တွင် ယခုနှစ် ဆားထုတ်လုပ်ရာသီ၌ ဆားကွင်းပေါင်း ၉၀ ဆားထုတ်လုပ် ဧက ၄၇၀၀ မှ ဆားတန်ချိန် ၄၇၀၀၀ ခန့် ထွက်ရှိရန် မျှော်မှန်းထားသော်လည်း မိုးများရွာသွန်းမှုကြောင့် ၄၅၀၀၀ ကျော်သာ ထွက်ရှိခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


