မော်လမြိုင် ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်)စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၅ နာရီခွဲက ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်းအင်အား ၁၃၀၀ ကျော်တို့သည် စုရပ်ဖြစ်သည့် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံမှ ဗဟိုလမ်းမကြီး တစ်လျှောက်၊ သိပ္ပံလမ်းနှင့် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းလမ်းလျှောက်ခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အများပြည်သူများသည် ကမ်းနားလမ်း ရေပေါ် အားကစားကွင်း၌ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ အားကစားနှင့် ကာယသိပ္ပံ လေ့ကျင့်ရေးကျောင်း (မော်လမြိုင်)တို့မှ အားကစားနည်းပြများ ဦးဆောင်ကာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဆောင်မှုများနှင့် ကျန်းမာရေးအထောက်ကူပြု စုပေါင်း ကိုယ်လက် လှုပ်ရှားမှု (Myanmar Fitness Dance) များကို ပါဝင်ဆောင်ရွက်ကြသည်။ ဆက်လက်၍ မွန်ပြည်နယ်မှ ခရီးသွားပြည်သူများ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရန်အတွက် လေယာဉ်ခရီးစဉ် ပြေးဆွဲမှုအနေဖြင့် ရန်ကုန် - ကော့သောင်း - မော်လမြိုင် - ရန်ကုန် ခရီးစဉ်နှင့် ရန်ကုန် -မော်လမြိုင် - ရန်ကုန် သီးသန့် ခရီးစဉ်များကို အပတ်စဉ် တနင်္လာနေ့ နှင့် သောကြာနေ့များတွင် ပုံမှန်ပြေးဆွဲလျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်လေဆိပ်သို့ ရောက်ရှိခဲ့ ကြပြီး လေဆိပ်ပရဝဏ် သန့်ရှင်းသာယာ လှပရေးနှင့် လေယဉ်ပြေးလမ်းတစ်လျှောက် အန္တရာယ် ကင်းရှင်းစေရေးအတွက် ခြုံနွယ်မြက်ပေါင်းများခုတ်ထွင် ရှင်းလင်းခြင်းနှင့် မီးတားလမ်းဖောက်လုပ် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)