မော်လမြိုင် ဇွန် ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၌ ကျောင်းထိုင်ဘုန်းကြီး သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲကို ဇွန် ၂၈ ရက် နံနက်ပိုင်းက ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဝဲပျံစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တနန္ဒဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဧည့်ပရိသတ်များက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်း ရဟန်းတော်များအား နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဝဲပျံစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ၊ ပြည်နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဘယသုတာ ရာမကျောင်း ဆရာတော် ဘဒ္ဒန္တသာသနနှင့် ကျောင်းထိုင်းဘုန်ကြီးသင်တန်းကျောင်း၊ ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တ စန္ဒော ဘာသ တို့က သင်တန်းဆင်းလက်မှတ်များ ဆက်ကပ်အပ်နှင်းပြီး ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသက အမှတ်စဉ်(၁၁) သင်တန်းဆင်း ရဟန်းတော်များနှင့် အမှတ်စဉ်(၁၂) သင်တန်းတက် ရဟန်းတော်များအား ဩဝါဒစကားမြွက်ကြားကာ ပြည်နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဘယ သုတာ ရာမကျောင်း ဆရာတော် ဘဒ္ဒန္တသာသနထံမှ သာဓုအနုမောဒနာ တရားတော်များ နာယူပြီး ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။
အဆိုပါ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ၌ သင်တန်းသား ရဟန်းတော် ၁၃ ပါး သင်တန်းဆင်းခဲ့ပြီး အမှတ်စဉ်(၁၂)သို့ သင်တန်းသား ရဟန်းတော် ၁၅ ပါး တက်ရောက်ကာ သင်တန်းကာလ နှစ်နှစ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)