ချောင်းဆုံ  ၁၀  သြဂုတ်


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ယနေ့နံနက် ၁၀ နာရီ ၅ မိနစ်က တောင်ကမ်းပါးယံပြိုကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ချောင်းဆုံမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။


ထို့အတူ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ သံဖြူရပ်ကွက်တွင်လည်း မိုးသည်းထန်စွာရွာသွန်း၍ ယမန်နေ့က မြေပြိုကျမူဖြစ်ပွားရာနေရာတွင် မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၄၀)ဦးနှင့် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅)ဦးစုစုပေါင်း(၁၄၅)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယနေ့ ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် သေဆုံးသူ (၇)ဦး၏ရုပ်အလောင်းများအား ထပ်မံရှာဖွေတွေ့ရှိခဲ့ရာ ယခုအချိန်ထိ စုစုပေါင်းသေဆုံးသူ(၂၉)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး မွန်းတည့် ၁၂ နာရီ အချိန်တွင် သေဆုံးသူ (၁)ဦး၏ ရုပ်အလောင်း ထပ်မံ ရှာဖွေတွေ့ရှိခဲ့သဖြင့် ယခုအချိန်ထိ စုစုပေါင်းသေဆုံးသူ(၃၀)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


MDN


Photo - Myanmar Fire Service