နေပြည်တော် ၁၇ ဇွန်

 

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ နည်းပညာအကူအညီဖြင့်  မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

 

မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် “အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာတာဝန်ယူမှု” ခေါင်းစဉ်ဖြင့် ဇွန်လ ၂၄ ရက်နေ့တွင် လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့ သီရိဘားအံဟိုတယ်တွင် “အုပ်ချုပ်ရေးနှင့်စီးပွားရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ်ဖြင့် ဇွန်လ ၂၅ ရက်နေ့တွင် လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲများတွင် ပြည်နယ်အစိုးရအဖွဲ့များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပြင်ပပညာရှင်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)မှ ကိုယ်စားလှယ်များ၊ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရှင်းလင်းဆွေးနွေး ကြမည်ဖြစ်သည်။

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲများသို့ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ စီးပွားရေး အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ကော်မရှင်ရုံးဝန်ထမ်းများ တက်ရောက်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

 

MDN