နေပြည်တော် အောက်တိုဘာ ၁၃
မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် မဖြစ်ခင် လိုအပ်သည့် ကြိုတင် ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှု၊ ဘေးအန္တရာယ် လျော့ပါး သက်သာစေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးအတွက် ချမှတ်ထားသည့် ဆန်ဒိုင်းမူဘောင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကဲ့သို့ ကမ္ဘာ့နိုင်ငံအသီးသီးက ချမှတ်ထားသည့် မူဘောင် ရည်မှန်းချက် များကို ဒေသတွင်းအဆင့်နှင့် နိုင်ငံတော်အဆင့် ဦးစားပေးလုပ်ငန်းများတွင် ထည့်သွင်း အကောင် အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် သဘာဝဘေး လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း မှုများ၊ သဘာဝအရင်းအမြစ်များ၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မှုများ ဆောင်ရွက်သွားကြရန်နှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံ နိုင်သော ပြည်နယ်ဖြစ်စေရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဌာနအကြီးအကဲ (Head of UNDRR) Ms.Mami Mizutori ၏ အပြည်ပြည်ဆိုင်ရာ အန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ သတင်းစကား ဗွီဒီယိုနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံး နိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဗွီဒီယိုကို ပြသသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓါတ်ပုံများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ကြပြီး အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ပြည်သူ့ဆေးရုံကြီးများရှိ မျက်စိကုဌာန များတွင် အတွင်းတိမ် အခမဲ့ ခွဲစိတ်ကုသမှုခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိခြင်း၊ မကူး စက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ရေးစီမံချက်များ ရေးဆွဲခြင်း ဆီးချို/သွေးချို ရောဂါသည်များ၏ အမြင် အာရုံမထိခိုက်စေရန် ကုသမှုပေးခြင်းနှင့် မျက်စိ ကျန်းမာရေး ပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါကင်းဝေးကြောင်း အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာကို ရရှိခဲ့ပြီး မွန်ပြည်နယ်၌ “မရှိ၍ မလင်းသူမရှိစေရ” အစီအစဉ်ဖြင့် ယနေ့အချိန်အထိ မျက်စိဝေဒနာရှင်ပေါင်း (၂၂၈) ဦးကို အခမဲ့ခွဲစိတ်ကုသမှု ပြုလုပ်ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး က မျက်စိဝေဒနာရှင် များကို အခမဲ့မျက်စိ စမ်းသပ်၊ ကုသပေးခြင်းကို လာရောက်ကူညီပံ့ပိုးပေးသော ရွှေမျက်မှန် ပရဟိတအသင်းမှ ဒေါက်တာကောင်းစံနှင့် အဖွဲ့အား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မျက်စိဝေဒနာ ရှင်များကို အခမဲ့မျက်စိ စမ်းသပ်၊ ကုသပေးခြင်းကို လှည့်လည်ကြည့်ရှု အားပေးကြ ကြောင်း သိရသည်။
(သတင်းစဉ်)