မော်လမြိုင်   ၃၀  စက်တင်ဘာ

ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများ ထားရှိရန်အတွက် မော်လမြိုင်မြို့တွင် လူနာ ၃၀၀ နီးပါးဆံ့ သည့် ယာယီဆေးရုံတစ်လုံးကို ဆောက်လုပ်နေကြောင်း သိရသည်။

 

မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာတွေ ထားရှိရန် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးနှင့် ကျန်းမာရေး ဌာနမှ ဝန်ထမ်းအိမ်ရာတို့ကို အသုံးပြုနေပြီး လတ်တလောကူးစက်မှု များလာ‌သောအခြေအနေတွင် အတည်ပြုလူနာများထားရှိရန် နေရာအခက်အခဲရှိလာသည့်အတွက် ယာယီဆေးရုံကို ဆောက်လုပ်တာ ဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည်။

 

“ကျွန်တော်တို့ မွန်ပြည်နယ်မှာလည်း ကိုဗစ်-၁၉ အတည်ပြုလူ‌နာတွေ တစ်နေ့နဲ့တစ်နေ့က များလာ တယ်ပေါ့၊ လက်ရှိ အတည်ပြုလူနာတွေကို ပြည်နယ် ကုတင် ၅၀၀ ဆေးရုံကြီးမှာပဲ လက်ခံနေရတယ် ဆိုတော့၊ အခုလည်း ဆေးရုံမှာ လူဦးရေက များလာပြီး ဒီမှာထားလို့ မဆံ့တော့ နေရာရှာတော့ ကျော်ကြားဆောက်လုပ်ရေးကနေပြီးတော့ ဖုန်းဆက်လာတယ်။ ယာယီဆေးရုံဆောက်ပေးမယ်တဲ့၊ ကျွန်တော်ကလည်း ဝန်ကြီးချုပ်ဆီတင်ပြပေးတယ်။ ဝန်ကြီးချုပ်ကလည်း လိုအပ်ချက်ရှိနေတော့ သူက ခွင့်ပြုပေးတယ်။ အဲဒါနဲ့ ဆေးရုံက ကော်မတီကို အသိပေးတယ်၊ နောက်ပြီး အလှူရှင်က ဆေးရုံအုပ်ကြီးနဲ့တိုင်ပင်ပြီးတော့ ‌အခုဆောက်နေတာပေါ့”ဟု ၎င်းက ပြောသည်။

 

အဆိုပါယာယီဆေးရုံကို ပေ ၈၀၊ ပေ ၃၂၀ Steel Structure အမျိုးအစားဖြစ်ပြီး မော်လမြိုင်မြို့မှ ဒေသခံအလှူရှင်တစ်ဦးက ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်သည်။

 

ယင်းအလှူရှင်သည် မူလက ပေ (၆၀) x ပေ (၁၂၀) အရွယ်အစားရှိတဲ့ ယာယီဆေးရုံ (၃)လုံးကို လှူဒါန်း ဆောက်လုပ်ပေးသော်လည်း ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ကြောင့် အဆောက်အဦးတစ်လုံးကိုသာ ဆောက်လုပ်‌နေတယ်လို့ ဝန်ကြီးက ဆက်လက်ပြောသည်။

 

“သူက ၃ လုံးဆောက်ပေးဖို့ အဆိုပြုတာပေါ့၊ ၆၀ ပေ×၁၂၀ ပေ ပေါ့၊ ဆေးရုံအုပ်ကြီးက အဲလိုဆိုရင် ဒီဝန်ထမ်းတွေကို ခွဲပေးလို့ အဆင်မပြေဘူးပေါ့။ အဲဒါကြောင့် တစ်ခုပဲ ဆောက်တယ်။ ပေ ၈၀× ပေ ၃၂၀ ရှိတယ်။ လူနာအ‌ရေအတွက်က ၃၀၀ နီးပါးဆံ့နိုင်တယ်”ဟု ပြည်နယ်လူမှု‌ရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည်။

 

ယာယီဆေးရုံကို စက်တင်ဘာ ၂၅ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး ၂ ပတ်အတွင်း ပြီးစီးအောင် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဲဒီအပြင် ဆရာဝန်ကြီးတွေ ယာယီဆေးရုံကို သွားရောက်ကြီးကြပ်ကုသပေးရာမှာ သွား‌လာရေး လွယ်ကူစေဖို့ ဆေးရုံကြီးရဲ့ အနီးက မော်လမြိုင်မြို့ အထက(၁)ကျောင်းဘောလုံးကွင်းအတွင်းမှာ ဆောက်လုပ်ထားကြောင်း သိရသည်။

 

ယာယီဆေးရုံတွင် လူနာများ စစ်ဆေးမည့်နေရာ၊ လူနာများနေထိုင်ရန် အခန်းများ၊ PPE ဝတ်စုံ ဝတ်ဆင်ခန်း၊ ဆရာဝန်နှင့် သူနာပြုများ နားနေခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ Toilet၊ လူနာကြိုပို့ယာဉ် ထားရှိမည့်နေရာနှင့် CCTV ကင်မရာတို့ကအစ ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၉ ရက်ည ထုတ်ပြန်ချက်အထိ စာရင်းတွေအရ မွန်ပြည်နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၂၆၆ ဦးအပါအဝင် သေဆုံးသူ ၃ ဦးရှိကြောင်း သိရသည်။

ကိုဟိန်း(ပေါင်)