မော်လမြိုင် ဧပြီ ၅
မွန်ပြည်နယ်အတွင်း ပြည်ထောင်စု၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လအတွင်း ဆောင်ရွက်သည့် လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၄ ရက်၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြည်နယ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရန်၊ နိုင်ငံတော်ဘဏ္ဍာငွေများ သုံးစွဲရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများ၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုသည့်လုပ်ငန်းများ ဆောင်ရွက်ရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းက အစိုးရ၏ ဝယ်ယူခြင်း၊ နိုင်ငံပိုင်ပစ္စည်းများ ထုခွဲခြင်းနှင့် ငှားရမ်းခြင်းတွင် လိုက်နာရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၂)ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လအတွင်း ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ပြီးစီးမှုအခြေအနေများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)