မော်လမြိုင် ဖေဖော်ဝါရီ ၉
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၅ကီလိုမီတာ စက်ဘီးစီး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ရက် နံနက်ပိုင်းက ကမ်းနားလမ်း မြစ်ကမ်းသာကစားကွင်းရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် ၂၅ကီလိုမီတာ၊ ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစား သမားများက သတ်မှတ်နေရာတွင် နေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက် တာလွှတ်ခဲ့သည်။
ပြိုင်ပွဲတွင် မော်လမြိုင်မြို့နယ်မှ၂၁ ဦး၊ သံဖြူဇရပ်မြို့နယ်မှ ၈ဦး၊ ချောင်းဆုံမြို့နယ်မှ ၁ဦး ၊ကျိုက်မရောမြို့နယ်မှ ၁ဦး၊ ပေါင်မြို့နယ်မှ ၅ ဦး စုစုပေါင်း ပြိုင်ပွဲဝင်အားကစားသမား ၃၆ဦးတို့က ကမ်းနားလမ်း မြစ်ကမ်းသာကစားကွင်းရှေ့မှစ၍ ကမ်းနားလမ်းတစ်လျှာက် ချောင်းဆုံအဝိုင်းအားပတ်၍ မူလတာထွက်သည့်နေရာသို့ ပြန်လည်ပန်းဝင်ခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ စက်ဘီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထ၊ ပဥ္စမ၊ နှစ်သိမ့်ဆု၊ အထူးဆုများရရှိခဲ့ကြသော ပြိုင်ပွဲဝင် အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)