ပေါင် ၂၁ အောက်တိုဘာ
မွန်ပြည်နယ် ပေါင်မြို့နယ် ပေါင်းရပ်ကွက်ရှိ ဆယ်အိမ်စုပိုင်းတွင် မီးလောင်ခဲ့သည့်လူနေအိမ်ခြေ ၆ လုံးမှ အိမ်ထောင်စု ၆ စုအတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ အောက်တိုဘာ ၂၁ ရက် ညနေ ၅ နာရီခန့်က မီးဘေးသင့်ပြည်သူလက်ဝယ်အရောက် လာရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မီးဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်မှ မီးလောင်မှုဖြစ်ရာတွင် ပျက်စီးသွားသော မီးဘေးသင့်ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ သန်းခေါင်စာရင်းများကို သက်ဆိုင်ရာ ဌာနအနေဖြင့် ၃ ရက်အတွင်း ပြန်လည်ပြုလုပ်ပေးရန်နှင့် ပူပြင်းခြောက်သွေ့သော နွေရာသီကာလရောက် ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် တာဝန်ရှိသူများမှ ဆောင်ရွက်သွားကြရန်နှင့် ပြည်သူများမှ မီးဘေး ကြိုတင်ကာကွယ်ရေးကို အလေးထားလိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက် မီးလောင်ကျွမ်းခဲ့သည့် အိမ်ခြေ ၆ အိမ်မှ အိမ်ထောင်စု တစ်စုချင်းအလိုက် ပြည်နယ် အစိုးရအဖွဲ့မှ တစ်သိန်းကျပ်နှုန်းစီဖြင့် စုစုပေါင်း(၆)သိန်းကျပ်ကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေ(၇၅၆၇၀ဝ)ကျပ်တို့ကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခဲ့ကြသည်။
ယင်းအပြင် နေအိမ်မီးလောင်ကျွမ်းခဲ့သည့် အိမ်ထောင်စုများမှ လူဦးရေ ၂၇ ဦးအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(ပေါင်မြို့နယ်ကြက်ခြေနီအသင်း)၊ လူမှုကူညီရေးအသင်းများနှင့် စေတနာရှင်အလှူရှင်များက ငွေသားများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများတို့ကို လာရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက် ည ၁၁ နာရီကျော်ခန့်တွင် ပေါင်မြို့ ပေါင်းရပ်ကွက် ဆယ်အိမ်စုအကွက်(၁၂)ရှိ ဦးချစ်လှိုင်နေအိမ်တွင် ၎င်းသမီးဖြစ်သူ စာကျက်ရန် ကလေးများအိပ်သော နေအိမ်အိပ်ခန်းအဝတွင် ဖယောင်းတိုင်မီးထွန်းထားပေးပြီး သမီးဖြစ်သူမှ စာကျက်စဉ် အိပ်ပျော်သွားရာမှ ဖယောင်းတိုင် မီးထွန်းထားသော နေရာမှတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ကိုဟိန်း(ပေါင်)


