သထုံ၊ ၁၀ ဇန်နဝါရီ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲပိုင်းက သထုံမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေးဗရိန်းကျေးရွာ ကုန်ထုတ်တံတား တည်ဆောက်ထားမှု အခြေအနေ၊ အုတ်ဖိုချောင်ကျေးရွာအနီး ပန်းတိန်ကန်ချောင်းပေါ်၌ တည်ဆောက်လျက်ရှိသည့် ပန်းတိမ်ကန် ရေထိန်းတံခါး တည်ဆောက်ရေးလုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ပြန်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ပန်းတိမ်ကန်ရေထိန်းတံခါးမှာ ရေတံခါးပေါက် ၁၀ ပေါက်ပါဝင်ပြီး အကျယ် ၁၂ ပေ၊ အမြင့် ၁၂ ပေရှိသည့် ကွန်ကရစ် ရေထုတ်ရေထိန်းတံခါးဖြစ်ကာ လုပ်ငန်းပြီးစီးပါက လယ်ယာမြေဧကပေါင်း ၁၂၀၀၀ အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၌ လုပ်ငန်းများပြီးစီးရန်လျာထားကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကတိုက်ကလေး-သောင်ကြီး-တောကြီး ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ကုန်ထုတ်လမ်းအဆင့်မြှင့်တင်ရေး၊ သောင်ကြီး၊ တောကြီးကျေးရွာများ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ရေရရှိရေး စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်သည့် ကဏ္ဍအလိုက် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ရှိသူများတို့နှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


